Wednesday, January 1, 2014

တပ်မတော်ပိုင်ယာဉ်နှင့် ကျောင်းသားဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိ

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁ရက်၊ ၂၀၁၄
ရန်ကုန်၊ မဇ္ဈိမ။ ။ မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာတွင် အရှိန်လွန်၍ လမ်းပြောင်းပြန် မောင်းနှင် လာသော တပ်မတော်ပိုင် မော်တော်ယာဉ်တစ်စီးက တက္ကသိုလ်ကျောင်းသား (၃)ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မှု ဒီဇင်ဘာ ၃၁ရက် ညက ဖြစ်ပွားခဲ့ရာ ကျောင်းသားတစ်ဦး ပွဲချင်းပြီး သေ ဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ပြည်လမ်းအတိုင်း မြောက်မှ တောင်သို့ တပ်သား ကျော်စွာဦး ထပရ ၃၂၃၊ မင်္ဂလာဒုံမြို့နယ်နေ သူ မောင်းနှင်လာသည့် ကြယ် ၇၇၉၅(ဗ)တပ်မတော်ပိုင် တီအီးယာဉ်က ရှေ့ယာဉ်အား ကျော်တက်စဉ် တစ်ဖောက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ပြည်လမ်းမိုင်တိုင် ၃၈/၁ အနီးတွင် ယာဉ်တိုက် မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းနှင်လာသည့် မှော်ဘီ GTU၊ B-Tech မထမနှစ် ကျောင်းသားဖြစ်သူ မျိုးဇော်ထွန်း(၂၁)နှစ်မှာ နဖူးဝဲဘက်ခြမ်း ကွဲသည့်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့ပြင် အတန်းတူဖြစ်သူ မင်းကိုလွင် (၂၀)နှစ်နှင့် အနောက်ပိုင်းတက္ကသိုလ်၊ ဓါတုဗေဒ၊ ပထမနှစ်ကျောင်းသား မောင်ဇော်မျိုးဝေ (၂၁)နှစ်တို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် အင်းစိန်ဆေးရုံတွင် ကုသနေရသည်။

ယင်းဖြစ်စဉ်တွင် တပ်မတော်မှ ယာဉ်မောင်းဖြစ်သူကို မှော်ဘီရဲစခန်းက ယာဉ်(ပ)၈၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၄ က/၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အရေးယူရန် မင်္ဂလာဒုံမှ ကပ ၄၄၂၇၁၅ ဒုအရာခံဗိုလ် ဝင်းမောင်၊ တပ်ခွဲ(၁)၊ တပ်ခွဲအရာခံဗိုလ်ထံ လွဲပြောင်းအပ်နှံထားသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese