Thursday, January 30, 2014

အော်ရီဒူးနှင့် တယ်လီနောအား ဆက်သွယ်ရေးလိုင်စင် ယနေ့ချပေးမည်

Thursday, January 30, 2014
ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်ပကုမ္ပဏီနှစ်ခုအား ဆက်သွယ်ရေးနည်း ဥပဒေမထွက်မီ ဆက်သွယ်ရေးလိုင်စင် ယနေ့ တရားဝင်ချထားပေးမည်ဖြစ်သည်။

နေပြည်တော်ရှိ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတွင် ယနေ့နံနက် ၉နာရီခွဲ၌ ဆက် သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိထားသည့် နိုင်ငံတကာကုမ္ပဏီနှစ်ခုအား ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကို လိုင်စင်ပေးအပ်ရန် ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက အတည်ပြုပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးနည်းဥပဒေ ထုတ်ပြန်ရေးအတွက် မူလအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထုတ်ပြန်ရာတွင် ကြန့်ကြာမှုအချို့ ရှိခဲ့ပြီး အဆိုပါ နည်းဥပဒေအား ဖေဖော်ဝါရီလတွင် အပြီးသတ်ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း နည်းဥပဒေ မထုတ်ပြန်မီမှာပင် ချထားပေးလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ချထားပေးမှုနှင့် ပတ်သက်၍ ပြည်တွင်းနည်းပညာလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဦးဇော်မင်းဦးက ““ဒါကောင်းပါတယ်။ ပထမတော့ ၀န်ကြီးဌာနဘက်က ဆက်သွယ်ရေး နည်းဥပဒေထွက်ပြီးမှ ချထားပေးမယ့် အခြေအနေကနေ ခုဒီရက်ပိုင်းမှာပဲ လိုင်စင်ပေးတော့ လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီတွေအတွက်ရော သူတို့ရဲ့ ဆက်စပ်နေတဲ့ အခြားလုပ်ငန်းတွေပါ အဆင်ပြေသွားမှာပေါ့။ တကယ်တမ်းတော့ နည်းဥပဒေကလည်း ပြီးသလောက်ရှိနေပြီဆိုတော့ စောပြီးချပေးလိုက်တဲ့သဘောပါ။ လက်ရှိ အော်ပရေတာနှစ်ယောက်လည်း သူတို့အနေနဲ့က လုပ်ဖို့ အဆင်သင့်နီးပါး ဖြစ်နေပြီ။ ဒီဟာကိုပဲ စောင့်နေကြရတာဆိုတော့ Infira ပိုင်းသမားတွေကအစ လုပ်ငန်းစဖို့ တော်တော်ကောင်းသွားတာပေါ့။ ၀န်ကြီးဌာနဘက်က ဒါကို လိုက်လျောပြီး စီစဉ်ပေးတဲ့သဘောဆိုတော့ နှစ်ဖက်စလုံးအတွက် တော်တော်ကောင်းသွားတဲ့ အခြေအနေပါ””ဟု ဆိုသည်။     

ယနေ့ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်ရရှိမည့် ကုမ္ပဏီနှစ်ခုသည် လိုင်စင်ရရှိသည်နှင့် ဆက် သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ စတင်ရမည်ဖြစ်ပြီး ရှစ်လအကြာတွင် ၎င်းတို့ကုမ္ပဏီများ တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုများကို အများပြည်သူသုံးစွဲခွင့်ရအောင် ဆောင်ရွက်ရ မည်ဖြစ်သည်။
ဆွေမွန်
7Day Daily