Tuesday, January 28, 2014

တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ဖိတ်ကြားနိုင်ကြောင်း ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို ဘားအံခရီးစဉ်အတွင်း တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
Monday, January 27, 2014
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မကြာမီအချိန်တွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်အလည်အပတ်ခရီးအဖြစ် ဖိတ်ခေါ်နိုင်သည်ဟု မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံအမတ် Mr.Yang  Houlan က ပြောကြားလိုက်ကြောင်း တရုတ်နိုင်ငံထုတ် Morning Post  သတင်းစာတွင်  ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးသည်ဟု တရုတ်သံအမတ် Mr. Yang Houlan က ပြောကြားပြီး ““နိုင်ငံတကာရပ်တည်မှုနဲ့ မြန်မာပြည်သူတွေကြားမှာ လူကြိုက်များတာကို ကြည့်မယ် ဆိုရင် သူတို့တရုတ်နိုင်ငံက ဖိတ်ခေါ်ဖို့ဆိုတာ အချိန်ကြာတော့မှာ မဟုတ်ဘူး။ မကြာခင်မှာ ဖိတ်ခေါ်ဖို့ရှိ လာပါလိမ့်မယ်””ဟု သံအမတ်က ပြောသည်။ သို့သော်လည်း ယခုအချိန်အထိ တိကျသော အစီအစဉ်များ မရှိသေးကြောင်းလည်း အဆိုပါသတင်းစာတွင် သံအမတ်က ပြောကြားထားသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နိုင်ငံက တရားဝင်ဖိတ်ခေါ်ပါက တရုတ်နိုင်ငံသို့သွားရန် ဆန္ဒရှိသည်ဟု မီဒီယာများအား ပြောကြားထားသည်။ မကြာသေးမီက ပင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ခေါ်မှုဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီချင်းဆက်သွယ်မှုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ဖိတ်ကြားခဲ့သည့် ချစ်ကြည်ရေးခရီး သွားရောက်မှုများလည်းရှိခဲ့သည်။

တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရလက်ထက်တွင် ဆက်ဆံရေးအကောင်းဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ခဲ့သည့် အတွက် အတိုက်အခံခေါင်းဆောင်ဟု ဆိုနိုင်သော ဒေါ်အောင်ဆန်းစုကြည်အား တရားဝင်ဖိတ်ကြားမှု မရှိဟု ဝေဖန်မှုများရှိခဲ့သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သုံးနှစ်အတွင်း ဒေါ်အောင် ဆန်းစုကြည်သည် ဥရောပ၊ အမေရိကန်နှင့် နိုင်ငံတကာအစိုးရများ၏ တရားဝင်ဖိတ်ကြားမှုအ ရ နိုင်ငံများစွာသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော်လည်း တရုတ်နိုင်ငံကမူ ယနေ့ချိန်ထိ ဖိတ်ခေါ်မှုမရှိသေးခြင်းဖြစ်သည်။

အကယ်၍ တရုတ်အစိုးရက ဖိတ်ခေါ်ပြီး ဖိတ်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့လျှင် အဆိုပါခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်လာကာ မြန် မာနိုင်ငံအတွင်းရှိ အငြင်းပွားနေသော တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ စိတ်ဝင်စားမှုအများဆုံးဖြစ်လာ မည့် ခရီးစဉ်လည်းဖြစ်မည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
အိဖြူလွင်
7Day Daily