Thursday, January 23, 2014

မိုးကုတ်ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရရွှေခြောက်ပိဿာ လုယက်၊ တစ်ဦးသေဆုံး

မိုးကုတ်၊ ဇန်န၀ါရီ
မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက် ပတ္တမြားဈေးအတွင်း မျက်နှာချင်း ဆိုင်တည်ရှိသော မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့ကို ဇန်န၀ါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် လူခုနစ် ဦးခန့်က သေနတ်နှစ် လက်ဖြင့် တစ်ပြိုင်နက်ဝင်ရောက်ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ ရွှေဆိုင် နှစ်ဆိုင်ပေါင်း ရွှေခြောက်ပိဿာ ခန့် လုယက်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး တရားခံများမှာ လွတ်မြောက်ဆဲဖြစ်ကြောင်း မိုးကုတ် မြို့မရဲစခန်းမှ စံတော်ချိန်၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

' နဂါးရွှေဆိုင်က ရွှေပိဿာချိန်လေး ပိဿာ၊ အပေါင်ခံပစ္စည်း သိန်းငါးရာ၊ ငွေသား သိန်းငါးဆယ် လုယက်ခံလိုက်ရတယ်။ တစ်ဆိုင် လုံးနီးပါးပါသွားတယ်။ မီလျံရွှေဆိုင်ကတော့ ရွှေနှစ်ပိဿာ လောက် ပါသွားတယ်။ တရားခံတွေ ကိုဖမ်းမိဖို့ အပူတပြင်း ဆောင်ရွက်နေပါတယ် ' ဟု တာဝန်ကျရဲအရာရှိတစ်ဦး က ပြောဆိုသည်။

လုယက်မှုတွင် သေနတ်ပစ်ခတ်မှုပါ ဖြစ်ပွားခဲ့ရာ ဈေးအတွင်းမှ အမျိုးသားနှစ်ဦး သေနတ် ဒဏ်ရာရရှိခဲ့ပြီး ဦးဒမ်းဗဟာဒူး (၅၃)နှစ်မှာ မိုးကုတ်ပြည်သူ့ဆေးရုံကြီး၌သေဆုံးခဲ့ကာ ကျန်တစ်ဦးဖြစ်သော ကိုပြည့်ကျော် (၂၆) နှစ်မှာ ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ် ရကြောင်း ပြန်ကြားရေးဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ 'ရွှေဆိုင်နှစ် ဆိုင်ကို ၀င်လုပြီး ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားတယ်။
ဈေးထဲက ရွှေဆိုင်တွေလည်း ကြောက်ပြီးဆိုင်တွေ ပိတ်ကုန် ကြတယ် ' ဟု ပတ္တမြားဈေးမှ ဆိုင်ရှင် တစ်ဦးကပြောသည်။

၂၀၁၃ နှစ် ကုန်ပိုင်းခန့်မှစ၍ လက်နက်ကိုင်လုယက်မှုများဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် မန္တလေးမြို့ မောင်ကိန်းရွှေ ဆိုင်၌လည်း သေနတ်ပစ်ဖောက် လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တရားခံကို ချက်ချင်းဖမ်းဆီးရမိခဲ့သည်။ ယင်းအပြင် ၂၀၁၃ ဒီဇင်ဘာ ၁၇ ရက်တွင် မိတ္ထီလာ အင်းဝဘဏ်၌ တပ်မတော် သားတစ်ဦးက ဓားအသုံးပြုကာ ၀င် ရောက်အနုကြမ်းစီးခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး လက်ရဖမ်းဆီးရမိခဲ့ သည်။
နန္ဒ
စံတော်ချိန် နေ့စဉ်သတင်းစာ