Saturday, January 4, 2014

ရဲအယောင်ဆောင် လုယက်မှု နောက်ကွယ်က စေခိုင်းသူမှာ အစ်ကိုဝမ်းကွဲ ဖြစ်ကြောင်း

ရန်ကုန်၊ ဇန်နဝါရီ ၃
ထန်းတပင်မြို့နယ် ရခိုင်ရိုးလေး ကျေးရွာရှိ မဆောင်းနှင်းအေး၏ အိမ်တွင် ရဲအယောင်ဆောင် ကာ ငွေနှင့် ရွှေထည်ပစ္စည်းများ လုယက်မှုနှင့် ပတ်သက်၍ ဖမ်းမိသူများ၏ ထွက်ဆိုချက်အရ လုယက်ခံ ရသူ၏ အစ်ကိုဝမ်းကွဲဖြစ်သူ ကိုသီဟအောင်က နောက်ကွယ် မှ စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း တက်သစ် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းက အမျိုးသမီးတစ်ဦး အပါအဝင် လေးဦးက အဆိုပါအိမ်၌ ရဲအယောင်ဆောင် ကာ ငွေသားနှင့် ရွှေထည်များ ပါဝင်သည့် ကျပ်သိန်း ၇၀ ဖိုးကို လုယူခဲ့ကြောင်း၊ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လိမ်လည် ခဲ့သူများတွင် ပါဝင်သူ သုံးဦးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ဇရပ်ဖြူ ကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့ကို စစ်ဆေးချက်များအရ စေခိုင်းခဲ့သူမှာ မဆောင်းနှင်းအေး ၏ အစ်ကိုဝမ်းကွဲ ဖြစ်သူ အသက် ၃၀ အရွယ်ခန့်ရှိ ကိုသီဟအောင် ဖြစ်ကြောင်း တက်သစ် နယ်မြေရဲစခန်း ထံမှ စုံစမ်းသိရှိရသည်။
“တရားလို မဆောင်းနှင်းအေးက ရဲအယောင်ဆောင်ပြီး လုယက်သွားတဲ့ သူတွေဟာ ဒီမိသားစုအကြောင်း အကုန်သိထားတာ ဆိုတော့ ဒီအမှုမှာ သူတို့ဆွေမျိုး အသိုင်းအဝိုင်းထဲက တစ်ယောက်ယောက် ပါမယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခဲ့တာပါ။ ဒီအမှုရဲ့ အဓိက တရားခံက တရားလိုရဲ့ အစ်ကိုဝမ်းကွဲပါမှန်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်” ဟု အဆိုပါ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အစ်ကိုဝမ်းကွဲ တော်စပ်သူ ကိုသီဟအောင်မှာ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်ပြီး လွန်ခဲ့သော အောက် တိုဘာလခန့်က မဆောင်းနှင်းအေး၏ နေအိမ်သို့ အလည်လာရောက် ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်သူများဖြစ်သော ဦးမြင့်အောင်၊ နိုင်နိုင် (ခ) စိုးမြင့်အောင်၊ သက်ပိုင် (ခ) ကျော်ဇင်မင်းနှင့် မသန္တာစိုးတို့ မိသားစုကို တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ၎င်း၏ နေအိမ်သို့ ခေါ်ဆောင် ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်ညတွင် အဆိုပါ လူများကို ၎င်း၏ညီမဝမ်းကွဲ မဆောင်းနှင်းအေး၏ အိမ်သို့ ရဲအယောင် ဆောင်ခိုင်းကာ ငွေနှင့်ရွှေထည်များ လုယက်ရန် စေခိုင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်ည ၁၁ နာရီခန့်က မဆောင်းနှင်းအေး၏ အိမ်သို့ အမျိုးသားသုံးဦးနှင့် အမျိုးသမီး တို့ ရောက်ရှိလာပြီး ၎င်းတို့မှာ ရဲများ ဖြစ်ကြောင်း၊ မဆောင်းနှင်းအေး၏ မောင်ဖြစ်သူကို လှိုင်သာယာ အမှတ် (၂) ရဲစခန်းတွင် မူးယစ်ရမ်းကားမှုဖြင့် ဖမ်းထားကြောင်း၊ အမှုမဖွင့်လိုပါက ငွေကျပ်ငါး သိန်း ပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့၍ သေတ္တာအတွင်းရှိ ငွေနှင့်ရွှေထည်များ ထည့်ထား သောအိတ်ကို ထုတ်ယူစဉ် ရဲမေဟုဆိုသူ မသန္တာစိုးက လုယူခဲ့ပြီး စခန်းသို့ လာရောက် ဖြေရှင်းရန် ပြောဆိုခဲ့ကြောင်း မဆောင်းနှင်းအေးက ရှင်းပြသည်။

ရဲအယောင်ဆောင်ကာ မဆောင်းနှင်းအေး အိမ်တွင် လုယက်နေစဉ် ကိုသီဟအောင်က အပြင်တွင် ရှိနေခဲ့ပြီး ဦးမြင့်အောင် အပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို မဆောင်းနှင်းအေး၏ မိသားစု အကြောင်း၊ အိမ်ပေါ် ရောက်ရှိပါက ပြောဆိုရမည့် စကားများကို ကိုသီဟအောင်က သင်ပေးခဲ့ကြောင်း၊ ရွှေထည်ပစ္စည်းနှင့် ငွေများ တွေ့ရှိ ချိန်တွင် လုယူကာ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ တက်သစ်နယ်မြေ ရဲစခန်းမှ သိရှိရသည်။

“ကိုသီဟအောင်နဲ့က မောင်နှမဝမ်းကွဲ တော်တယ် ဆိုပေမယ့် သူ့ရဲ့စာရိတ္တကို မကြိုက်လို့ သိပ်မရောခဲ့ဘူး။ အိမ်ကို သူမလာတာ နှစ်နဲ့ချီပြီ။ ပြီးခဲ့တဲ့ သုံးလလောက်ကမှ သူအိမ်ကို တစ်ခေါက် လာလည်ခဲ့တယ်။ ကိုယ့်အမျိုးတွေအပေါ် ဒီလိုလုပ်လိမ့်မယ်လို့ ထင်တောင် မထင်မိခဲ့ဘူး။ အဲဒီညက ရဲအယောင် ဆောင်ထားတဲ့သူကို ပစ္စည်းတွေရရင် အချိန်မဆွဲနဲ့ အမြန် ပြန်လာတော့လို့ ဖုန်းဆက်ပြောတာ သူဖြစ်မယ် ထင်တယ်” ဟု မဆောင်းနှင်းအေးက ပြောဆိုသည်။

ရဲအယောင်ဆောင် လုယက်သည့် အဖွဲ့ ထွက်ပြေး ရှောင်တိမ်းနိုင်သော နေရာများကို ရဲတပ်ဖွဲ့ဝင်များက ခဲပန်းချီ ပုံကြမ်းများ ပေးပို့ကာ စုံစမ်းရှာဖွေရာမှ ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူ ကျေးရွာမှ ဦးမြင့်အောင်၊ ကိုသက်ပိုင် (ခ) ကျော်ဇင်မင်းနှင့် မသန္တာစိုးတို့ သုံးဦးကို ငွေကျပ် ခုနစ်သိန်းကျော်နှင့် ရွှေထည် အလေးချိန် ခြောက်ကျပ်သားကျော်တို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ကျန်ထွက်ပြေးနေသူ သီဟအောင်နှင့် နိုင်နိုင် (ခ) စိုးမြင့်အောင်တို့ကို ဖမ်းမိရေးအတွက် စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရဲအယောင် ဆောင်သူများ ထွက်ခွာချိန်တွင် မသင်္ကာသောကြောင့် မဆောင်းနှင်းအေးက ညတွင်းချင်း ၎င်း၏ မောင်ဖြစ်သူ၏ အိမ်သို့ သွားရောက်ခဲ့ပြီး အိပ်ပျော်နေသော မောင်ဖြစ်သူကို တွေ့ရှိခဲ့ရာမှာ ရဲအယောင်ဆောင်ကာ လုယက်ခံရခြင်းကို သိရှိခဲ့ကြောင်း၊ အဆိုပါ အမှုကို (ပ) ၁၃၁/၁၃၊ ပုဒ်မ ၃၈၂/၁၇၀ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း တက်သစ် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly