Wednesday, January 29, 2014

ဒုချီးယားတန်းရွာတွင် ဇန်နဝါရီ ၂၈ရက်က အိမ်ခြေ ၁၆လုံး မီးလောင်

ရန်ကုန်၊ မဇ္ဈိမ
ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးယာတန်းအနောက်ရွာတွင် ဇန်နဝါရီလ ၂၈ရက် ည ၈နာရီ ၄၅မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၆လုံး မီးလောင်ကျွမ်းခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မီးလောင်မှုသည် ဒုချီးရာတန်း အနောက်ရွာ အဘူဖွေယာ့အိမ်တွင် စတင်လောင်ကျွမ်းခဲ့သဖြင့် မီးငြိမ်းသတ်နေစဉ် တောင်ဘက် ကိုက်၁၅ဝအကွာ အဏ္ဏဝါဆလာမ်၏ အိမ်တွင် ထပ်မံလောင်ကျွမ်းခဲ့ သည်။ မီးငြိမ်းသတ်ရန် ထိုနေရာသို့ မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်စဉ် ဘင်္ဂလီ၅ဦး ထွက်ပြေးသွားသည်ကို တွေ့မြင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မီးလောင်ကျွမ်းခြင်းကြောင့် နေအိမ် အကြီး ၄လုံး၊ အိမ်သေး ၁၂လုံး စုစုပေါင်း ၁၆လုံး မီးလောင်ခဲ့ပြီး လူသေဆုံးမှု၊ ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရရှိခဲ့ဟု ဆိုသည်။

မီးလောင်မှုကို ရှို့မီးဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိပြီး တပ်ဦးချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ (ပ)၁၉/၂ဝ၁၄ ပုဒ်မ-၄၃၆ဖြင့် မောင်တောရဲစခန်းတွင် အမှုဖွင့် ထားသည်။
မဇ္ဈိမသတင်းဌာန