Wednesday, January 15, 2014

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

ညီလာခံ တက်ရောက်တဲ့ သံဃာတော်တွေ
16 ဇန်နဝါရီလ 2014
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) လို့ခေါ်တဲ့ အထက်မြန်မာပြည် ဝံဿပါလာ အဖွဲ့ကို မနေ့က ဇန်နဝါရီ ၁၅ရက်က မန္တလေးမြို့ အတုမရှိ ကျောင်းတော်မှာ ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံက သံဃာ ၃သောင်းကျော်တက်ရောက်တဲ့ သံဃာ့ ညီလာခံ အခမ်းအနား ကနေ အတည်ပြု ဖွဲ့စည်းလိုက် ပါတယ်။

သုဓမ္မာ၊ ရွှေကျင်နဲ့ ဒွါရ စတဲ့ ဂိုဏ်းကြီး ၉ ဂိုဏ်းက သံဃာ ၃သောင်းကျော်တက်ရောက်တဲ့ အတုမရှိ သံဃညီလာခံ ကနေ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသကို ဝါခင်းကုန်းဆရာတော် ဦးတိက္ခကို ဥက္ကဋ္ဌဌ အရာထားပြီး တခဲနက် အတည်ပြု ဖွဲ့စည်း ပေးလိုက်ပါတယ်။

ဒီအဖွဲ့ကြီးမှာ မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးတော်မူတဲ့ သြဝါဒဆရာတော် ၁၅ပါး ၊ နာယကဆရာတော် ၁၁ပါး၊ အနုနာယကဆရာတော် ၈ပါးနဲ့ ဦးဆောင်ဆရာတော်၁၂ပါးနဲ့ ဖွဲ့စည်းထားပါတယ်။

ဒီသံဃာ့ ညီလာခံကို အင်းစိန် ရွာမဆရာတော်၊ သီတဂူ ဆရာတော်နဲ့ တိုင်းသံဃာ့ မဟာနယက ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် သြဝါဒ ချီးမြှင့်ပေးခဲ့ပါတယ်။

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက မဘသအဖွဲ့ကို သာသနာရေးနဲ့ လူမူရေး ဒွန်တွဲလုပ်ဖို့ သြဝါဒကို မြွက်ကြားခဲ့ပါတယ်။

ဒီညီလာခံကနေ အချက် ၁၀ချက်ပါတဲ့ သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ဆက်လက်ကာကွယ်ဖို့၊ နိုင်ငံတော်ဖွဲ့စည်းပုံ ပြင် ဆင်ရေးမှာ ပုဂ္ဂိုလ်ရေးနဲ့ လတ်တလော အခြေအနေကို မကြည့်ဘဲ နိုင်ငံသားတွေရဲ့ ရေရှည် အကျိုးကိုကြည့်ဖို့ ၊ ယာယီ သက်သေခံ လက်မှတ်ကိုင်ထားသူတွေကို ဆန္ဒမဲပေးခွင့် ရုတ်သိမ်းပေးဖို့၊ တိုင်းရင်းသား စာရင်းမှာ မပါတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်လည် စီစစ်ပေးဖို့နဲ့ အမျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌဌာန်းပေးနိုင်တဲ့အထိ ဆက်ဆောင်ရွက်သွားဖို့ စတဲ့ အချက် ၁၀ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အခုဖွဲ့စည်းပေးလိုက်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး အနေနဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ နည်းနိုင်သမျှ နည်းအောင် ပညာပေး စည်းရုံးရင်း တနိုင်ငံလုံးမှာ အဖွဲ့ခွဲတွေ တိုးချဲ့ ဖွဲ့စည်းသွားမယ်လို့လည်း ဦးဆောင် ဆရာတော်တွေက မိန့်ကြားသွားခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)