Thursday, January 23, 2014

ဗန္ဓုလတံတားအဆင်း ကွန်တိန်နာကားဘရိတ်ပေါက်၊ ကိုးစီးဆင့်တိုက်

ရန်ကုန်၊ ဇန်န၀ါရီ-၂၂
ဒေါပုံမြို့နယ် မဟာဗန္ဓုလတံတားအဆင်းတွင် ဇန်န၀ါရီ ၂၂ရက် ညနေ ၅ နာရီ ၁၅ မိနစ်က ကွန်တိန်နာ ကားတစ်စီးဘရိတ်ပေါက်ပြီး ကားကိုးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေါပုံမြို့နယ် အမှတ်(၃၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ သိရသည်။

ယာဉ်မောင်း ဦးဝင်းတင် မောင်းနှင်လာသည့် နစ်ဆန်းအမျိုးအစား ကွန်တိန်နာ အပြာရောင်ယာဉ်အမှတ် ၆ခ/၇၃၁၀ သည် မဟာဗန္ဓုလ တံတားအတိုင်း ဒေါပုံ မြို့နယ်ဘက်သို့ မောင်းနှင်လာစဉ်ဘရိတ်ပေါက်ပြီး ၎င်းရှေ့မှ ယာဉ်မောင်း ဦးမောင်ကြိုင် မောင်းနှင်လာသော ၃ဃ/၂၃၀၂ မီနီဆလွန်း အငှား ယာဉ်အား နောက်မှဝင်တိုက်မိပြီး ယာဉ်မောင်း ကျော်ဝင်းထွန်း မောင်းနှင်လာသော ၆က/၉၂၆၀ ဆူပါ ဆလွန်းကား အဖြူရောင်အား ထပ်မံတိုက်မိခဲ့သည်။ယင်းနောက် ဘရိတ်ပေါက်လာသော ကွန်တိန်နာ ယာဉ်သည် ၎င်း၏၀ဲဘက်ဘေးမှ ယာဉ်မောင်း စိုးဝေတိုး မောင်းနှင်လာသော ၃ဂ/၇၂၂၁ ကွန်တိန်နာ ကားအားဘေးမှ ၀င်ရောက်တိုက်မိပြီး တံတားအဆင်း သင်္ဘောကျင်းလမ်းမှ ထွက်လာသော ယာဉ်မောင်း အောင်ကိုကို မောင်းနှင်လာသည့် ကြယ် ၅၇၁၆ (လ) နံပါတ်တပ်ထားသည့် တိုယိုတာဗင် အဖြူရောင် ကားတစ်စီးအား ထပ်ဆင့်တိုက်ကာ ဒေါပုံရဲစခန်းရှေ့ရှိ ဓာတ်တိုင်အားတိုက်မိပြီး
ရပ်တန့်သွားခဲ့သည်။ အဆိုပါ ဘရိတ်ပေါက်လာသော ကွန်တိန်နာ၏ ၀င်ရောက်တိုက်မိသော အရှိန်ကြောင့် အတိုက်ခံရသော ကွန်တိန်နာ ယာဉ်အမှတ် ၃ဂ/၇၂၂၁ သည် ဗန္ဓုလတံတားပေါ်မှ ၀ါဆိုမှတ်တိုင်ဘက်သို့ သွားရန် မီးပွိုင့်တွင် ရပ်တန့်နေသော ကားလေးစီးအား ထပ်ဆင့်တိုက်မိခဲ့ ကြောင်းသိရသည်။

' ဘရိတ်ပေါက်လာတဲ့ ကွန်တိန်နာက တံတားအဆင်း မှာကတည်းက ဆင့်တိုက်လာပြီး သင်္ဘောကျင်း လမ်းထဲက ထွက်လာတဲ့ ကားတစ်စီးကို ထပ်တိုက်တယ်။ ပြီးတော့ ရဲစခန်းရှေ့က ဓာတ်တိုင်ကို ကျိုးအောင် တိုက်ပစ်လိုက်တယ်။ လူဝင်တိုက်မိတာမျိုးတော့ မတွေ့ရပေမယ့် ဒီနားမှာရှိတဲ့ လူတွေရော ဈေးသည်တွေ အကုန်လုံးလန့်ဖျပ်ပြီး ထွက်ပြေးကုန်တယ် ' ဟု သင်္ဘောကျင်းလမ်းထိပ်အနီးတွင် နေထိုင်သည့် မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းသို့ ဘရိတ်ပေါက်ကာ ကားကိုးစီးဆင့်တိုက်မိသော ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိဟု သိရပြီး ဘရိတ်ပေါက် သည့် ကွန်တိန်နာကား မောင်းနှင်သူ ယာဉ်မောင်း ဦးဝင်တင်အား ဥပဒေအရ အရေးယူပေး ရန် ဒေါပုံမြို့နယ် အမှတ် (၃၀)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲအုပ် ရဲမျိုးသန့်က ဒေါပုံ မြို့နယ် ရဲတပ်ဖွဲ့စခန်း၌ အမှု ဖွင့်တိုင်ကြားထားကြောင်း သိရသည်။
အောင်မြင်ရဲဇော်၊ အောင်မျိုးမင်း
စံတော်ချိန် နေ့စဉ်သတင်းစာ