Wednesday, January 29, 2014

ခြိမ်းခြောက်မှု ရှိသော်လည်း စစ်ရေးလေ့ကျင့်မှုများ တောင်ကိုရီးယား ဆက်လုပ်


ဆိုးလ်၊ ဇန်နဝါရီ ၂၈
တောင်ကိုရီးယားနိုင်ငံ စစ်တပ်သည် မြောက်ကိုရီးယားဘက်မှ သတိပေး ခြိမ်းခြောက်မှုများ ရှိနေသော် လည်း နယ်စပ်ဒေသတွင် စစ်ရေးလေ့ကျင့်မှုကို အမှန်တကယ် လက်နက်ပစ်ခတ်မှုများ ထည့်သွင်းခြင်းဖြင့် အင်္ဂါနေ့တွင် ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က အမြောက်များဖြင့် ပစ်ခတ်သည့် စစ်ရေး လေ့ကျင့်မှုသည် တရားဝင်သော လေ့ကျင့်မှုတစ်ရပ် ဖြစ်ပြီး တောင်ကိုရီး ယား နိုင်ငံပိုင်နက်ဖြစ်သော ရေပြင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားသည့် တိုင်း ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု မပြုလုပ်မီ အင်္ဂါနေ့ အစောပိုင်းလောက်က လေ့ကျင့်မှုကို မရပ်တန့်ပါက ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံဘက်မှ ဖက်စ်ဖြင့် သတင်းပေးပို့ ခြိမ်းခြောက်စာ ရောက်ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းစစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားနှင့် နယ်စပ်ဒေသဖြစ်သောယုံပြွန်းနှင့် ဘေယန်ယောင်း ကျွန်း များပေါ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား နိုင်ငံဘက်မှ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့် အခါတိုင်း ပြင်းပြင်း ထန်ထန် ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ ရှိစမြဲပင် ဖြစ်သော်လည်း ၂၀၁၀ ပြည့်နှစ်ကမူ ယုံပြွန်းကျွန်းသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံသား လေးဦး သေဆုံး သွားခဲ့ရသည်။

မည်သို့ပင်ဆိုစေ ယခု ရက်သတ္တတစ်ပတ်အတွင်း အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီး ယား နိုင်ငံတို့၏ နှစ်စဉ်စစ်ရေး လေ့ကျင့်မှု စတင်လိုက်ချိန်တွင် ကိုရီးယား နှစ်နိုင်ငံတင်းမာမှုမှာ ပိုမိုမြင့်တက်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားဘက်မှ တောင်းဆိုချက်ကို လိုက်လျောခြင်း မပြုဘဲ စစ်ရေးလေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားကမူ ယင်းစစ်ရေး လေ့ကျင့်မှုသည် ဝင်ရောက် ကျူးကျော် တိုက်ခိုက်ရန် ပြင်ဆင်ခြင်း ဖြစ် သည်ဟု စွပ်စွဲပြောဆိုသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကာကွယ်ရေးအတွက် သက်သက်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုထားသည်။
The Voice Weekly