Tuesday, January 28, 2014

အမေရိကန် မောင်းသူမဲ့လေယာဉ် ပစ်ခတ်၍ အယ်လ်ရှာဘက်အဖွဲ့ဝင် သေဆုံး

28 Jan 2014
ဆိုမာလီယာ အခြေစိုက် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘက်တို့ အနေဖြင့် အမေရိကန်၏ ခေတ်မီစစ်လက် နက် ပစ္စည်းများ အသုံးပြုကာ ဖိအားပေး တိုက်ခိုက်လာမှုများကြောင့် အကျပ်အတည်းများ ရင်ဆိုင်နေ ရပြီ ဖြစ်သည်။ တနင်္ဂနွေနေ့က အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်းက ဒုံးကျည်ပစ်ခတ်ခဲ့ရာ အယ်လ်ရှာဘက်တို့ အထူးတလည် အားထားရသည့် ထောက်လှမ်းရေး အရာရှိတစ်ဦး သေဆုံးသွားခဲ့ သည်။ အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့နှင့် ဆက်နွယ်နေသော စစ်သွေးကြွများကို အမေရိကန်အပြင် အာဖရိက ယူနီယံ တပ်ပေါင်းစုများကပါ ထိုးစစ်ဆင်လျှက် ရှိသည်။

အယ်လ်ရှာဘက် ခေါင်းဆောင်တစ်ဦးက တနင်္ဂနွေနေ့တွင် မောင်းနှင်နေသော ကားတစ်စင်း ဒုံးကျည်ထိ မှန် ပေါက်ကွဲရာ လူ(၂)ဦး သေဆုံးခဲ့ကြောင်း၊ ယင်းတို့အနက် (၁)ဦးသည် ဆာဟယ်လ် အစ္စကူ ဟက်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အစ္စကူဟက်သည် အယ်လ်ရှာဘက်တို့အတွက် ဗုံးခွဲရန် ပစ်မှတ်များ ရှာဖွေ အတည်ပြုပေးခြင်း၊ နိုင်ငံခြားသားများကို ပြန်ပေးဆွဲရန် စီမံကိန်း အချက်အလက်များ ရှာဖွေပေးခြင်း အစရှိသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သည်။ အယ်လ်ရှာ ဘက်ခေါင်းဆောင် အဘူမိုဟာမက်က AP သတင်းဌာနသို့ ဆက်သွယ်ကာ ယခုသတင်းကို အတည်ပြုချက် ပေးခဲ့သည်။

"ဒီအတွက် ရန်သူတွေဟာ ပိုကြီးကျယ်တဲ့ ထိုးနှက်ချက်မျိုး၊ နာကျင်မှုမျိုး ပေးဆပ်ရပြီး လက်စားချေ ခံရစေမယ်"ဟုလည်း မိုဟာမက်က ကြိမ်းဝါးသွားခဲ့သည်။ အယ်လ်ရှာဘက်တို့သည် ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလက ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ မြို့တော်ရှိ ဝက်စ်ဂိတ်မောလ် ဈေးဝယ်စင်တာကြီးကို စီးနင်းတိုက်ခိုက်ပြီး လူ(၆၇)ဦး သေကြေခဲ့သည့် အကြမ်းဖက်မှုကြီးကို ကျူးလွန်ခဲ့သည့်နောက် နိုင်ငံတ ကာမှ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာမှုများကို ကြုံနေရသည်။
Planet Myanmar Network