Thursday, January 9, 2014

တိမ်ပြိုတဲ့ နေညိုချိန်တိုင်း ငိုခဲ့ရတဲ့ အမယ်အို

January 10, 2014
အုတ်နံရံတစ်ဖက်နှင့် သံတိုင်များ သုံးဖက်ကာရံထားသော အခန်းတစ်ခုထဲတွင် ပုံ့ပုံ့ကျုံ့ကျုံ့လေး ထိုင်နေ သည့် အမယ်အိုကြီးတစ်ဦး ရှိုက်ငင်ငိုကြွေးနေသည်။ ဘေးတွင်မတော့ အသက် ၆၀ ကျော် ၇၀ နီးပါရှိ အမျိုးသမီးကြီး သုံးဦးက ဖရိုဖရဲဖြင့် နှစ်ခြိုက်စွာပင် အိပ်မောကြနေကြသည်။

အမယ်အိုရဲ့ အမည်က ဒေါ်စောတင်။ အသက်က ရှစ်ဆယ်ပြည့် တော့မည်ဖြစ်သည်။ လှည်းတန်းမီးပွိုင့် အနီး လူစည်ကားသော ပလက်ဖောင်း စင်္ကြံအနီးထိုင်နေသော သူ့အား ယခုလ ၁၂ ရက်နေ့ ညနေခြောက် နာရီကျော်အချိန်တွင် လူငယ်နှစ်ဦးတို့က ကားဖြင့်တင်ဆောင်ပြီး ဤအခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ ခြင်းဖြစ်သည်။ ညမှောင်နေပြီဖြစ်သဖြင့် မည်သည့်နေရာ မည်သည့်ဒေသသို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည် ကိုမသိသော်လည်း ရဲဝတ်စုံ ၀တ်ဆင်ထားသူများ၏ ခေါ်ဆောင်ခြင်းကို ခံရခြင်းနှင့် သံတိုင်ကာအခန်း ထဲဝင် ရောက်ခဲ့ရသဖြင့် အမယ်အိုဒေါ်စောတင် တစ်ယောက် အချုပ်ကျခံရသည်ကို ကောင်းစွာသိလိုက် သည်။

“အဘွားထိုင်တာ ခဏပဲရှိသေးတယ်၊ ဒီအဘွားကြီးကို ခေါ်သွားရင် ကောင်းမလားမသိဘူး။ အေး .. ခေါ် ခဲ့ကွာဆိုတဲ့ အသံကြားလိုက်ရတယ်၊ လူရွယ်နှစ်ယောက်က အဘွားပြန်တော့မလား၊ အေး ..ပြန်တော့မယ်၊ ဘယ်မှာနေတာလဲလို့မေးလို့ အောင်သိဒိ္ဓမှာနေတာလို့ ပြောလိုက်တယ်။ သားသမီးကောရှိလား။ မရှိဘူး ကုလားတွေဆီမှာ နေရတယ်လို့ ပြောတော့ ခေါ်ခဲ့ကွာဆိုပြီး လက်ကနေဆွဲခေါ်ပြီး ကားပေါ်ကို အတင်း ဆွဲတင်ပြီး ခေါ်သွားခဲ့တာ” ဟု အဘွားအိုက ပြန်ပြောပြခဲ့သည်။

လာမည့်တန်ခူးလတွင် အသက် ရှစ်ဆယ်တိတိ ပြည့်တော့မည်ဟုဆိုလာသော အဘွားအိုမှာ ဆံပင်ဖြူ၊ ပါးရေ တွန့်ပြီး ခါးကိုင်းသည်မှလွဲပြီး ကျန်းမာသန်စွမ်းစွာ လှုပ်ရှားနေနိုင်သေးသည်။

အသက်အရွယ် ကြီးရင့်နေပြီဖြစ်သဖြင့် ဆံပင်များပါး၍တိုနေသော်လည်း သွား တော်တော် များများ ကတော့ အကောင်းတိုင်းပင်ရှိသေးသည်ကို တွေ့ရသည်။ ထိုင်နေလျှင် ပုံ့ပုံ့လေး ဖြစ်နေတတ်သော အမယ်အိုသည် ပါတိတ်လုံချည်အား ရင်ခေါင်းအထိ ၀တ်ဆင်ထားပြီး အဖြူပေါ်တွင် အမဲပြောက်ခြယ်ထား သော လယ်တိုအင်္ကျီပေါ်တွင် အကွက်လက်ရှည် ကုတ်အင်္ကျီလေးကို ၀တ်ဆင်ထားတတ်သော သူ့အား မြင်တွေ့ဖူးသူတိုင်း သန့်သန့်ပြန့်ပြန့် နေတတ်သူအဖြစ် သတိထားမိနိုင်ပါသည်။

“အဲဒီနေ့က အဖမ်းခံရမှာမိုလို့ ထင်တယ်။ ခဏပဲ ထိုင်ရသေးတယ် လှူလိုက်ကြတာ ထောင်တန်တွေ ချည်းပဲ၊ ခုနစ်ရွက် လောက်ရတယ်။ ငါးရာတန်၊ နှစ်ရာတန်တွေလည်း အများကြီးပဲ။ ခဏလေးနဲ့တင် တစ် သောင်းကျော်လောက် ရတယ်” ဟု အမယ်အိုဒေါ်စောတင်က ပြန်ပြောင်းပြောပြခဲ့သည်။

အမယ်အိုတစ်ယောက် အချုပ်ထဲတွင် တစ်ညနှင့် တစ်နေကုန်အချိန်ထိ နေခဲ့ရသည်။ ညအိပ်ရန် စောင် တစ်ထည် နှင့် ခေါင်းအုံးတစ်လုံး ပေးထားသော်လည်း မအိပ်ခဲ့ရပါ။ တစ်ခါမှမကြုံဖူးသော ဤအဖြစ်မျိုး ကြီးကို ယူကျုံးမရ ဖြစ်နေမိသည်။ ကြောက်လည်း ကြောက်နေမိသည်ဟု ဆိုသည်။ ထို့ကြောင့်ပင် တစ် ညလုံး အေးသည့်ဒဏ် ခြင်ကိုက်သည့် ဒဏ်များကိုပင် သတိမထားမိဘဲ ခဏခဏငိုနေမိသည်ဟု အဘွား အို ဒေါ်စောတင်က ပြောသည်။

ဆင်းရဲသော်လည်း အသန့်ကြိုက်တက်သော အဘွားအိုဒေါ်စောတင် တစ်ယောက် အချုပ်မှကျွေးသော ပိန်ပိန်လိမ်လိမ်နဲ့ ဆေးကြောမထားသော ပန်းကန်ထဲက ထမင်းနဲ့ ဖရုံသီးဟင်း ပြဲစိစိများကို ရွံသဖြင့် မစားဘဲနေခဲ့သည်။ သောက်ရေပင် တစ်ခါပဲ သောက်ခဲ့သည်။

နောက်တစ်ရက် ညနေတွင် အချုပ်မှ ထွက်ခဲ့ရပြီး အချုပ်ခန်းတွင်း မ၀င်မီက သိမ်းဆည်းခဲ့သော ငွေတစ် သောင်းကျော်အား ရဲများက ပြန်ပေးခဲ့သည်။ ထို့နောက် အိမ်လိုက်ပို့ရန် ကားပေါ်သို့သွားစဉ် အချုပ်ခန်း ထမင်းချက်မှ လက်တို့ပြီး ပိုက်ဆံများအား အတင်း တောင်းယူခြင်း ခံခဲ့ရသည်။

“ကားပေါ်တက်လို့ ရဲလေးက အဘွား ပိုက်ဆံဘယ်လောက်ပါလဲ မေးတယ်။ အဲဒီတော့ အဘွားမှာတစ်ပြား မှ မရှိတော့ဘူး၊ ထမင်းချက်က အတင်းလိုက်တောင်းလို့ ကြောက်ကြောက်နဲ့ ပေးခဲ့ရတယ်ပြောတော့ ချက်ချင်းပဲ စခန်းထဲပြန်ခေါ်သွားပြီး တောင်းပေးတယ်။ အဲဒါတောင် ထမင်းချက်က လုံးဝမယူဘူးငြင်းတာ၊ နောက်ပိုင်း ရဲမေကြီးကစိတ်ဆိုးပြီး ဒီရဲစခန်းကို နာမည်ပျက်အောင် မလုပ်နဲ့ဆိုတော့ နှစ်ထောင် ထုတ်ပေး ပြီး၊ အဲဒါပဲ ယူထားတာဆိုပြီး ပြောတယ်။ နောက်ပိုင်း လုံးဝပြန်မပေးတော့ ရဲမေကြီးကပဲ သူ့ပိုက်ဆံကို စိုက်ပြီးပေးတယ်” လို့ အဘွားအို ဒေါ်စောတင်က ပြောပြသည်။

ယခုအခါတွင်တော့ ရန်ကုန်မြို့တွင် ခုနစ်နှစ်ခန့် အလှူခံစားလာသော အဘွားအိုဒေါ်စောတင် တစ် ယောက် အလှူခံခြင်းအလုပ်ကို လုံးဝရပ်နားလိုက်ပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် နှစ်ပေါင်းသုံးဆယ် ကျော် ကွဲကွာခဲ့ရသော သားသမီးများထံ အပြီးပြန်တော့မည်ဟု ဆိုသည်။ အဘွားအို ရန်ကုန်မြို့သို့ ရောက်ရှိလာသည်မှာ (၃၅)နှစ်ပင် ရှိခဲ့ပြီဟုသိရသည်။ နယ်တွင် သားသမီး ရှစ်ယောက်ခန့်မွေးခဲ့သော ဒေါ်စောတင်တစ်ယောက် ယောက်ျားဖြင့် ကွာရှင်းပြီးကတည်းက ဒုက္ခပင်လယ်ဝေခဲ့ရသည်။

အငယ်ဆုံးသားယောက်ျားလေး ရင်ခွင်ပိုက်ဖြင့် ၁၉၈၈ ခုနှစ်မတိုင်ခင် ဆယ်နှစ်ခန့်ကပင် ဥက္ကံမြို့နယ်ရှိ ကျေးရွာတစ်ခုသို့ ပြောင်းရွှေ့လာပြီး ငါးနှစ်ခန့် နေထိုင်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အောင်သိဒိ္ဓလမ်းအတွင်းရှိ လူမျိုးခြားနေအိမ်တစ်ခုတွင် တစ်လလျှင် တစ်ရာကျပ်နှုန်းဖြင့် ထမင်းချက်၊ အ၀တ်လျှော်အလုပ်ကို လာရောက် လုပ်ကိုင်နေထိုင်ခဲ့သည်။ ထို့နောက် ၎င်းနှင့်အတူပါလာသော သား လေး မောင်းထွေဆိုသူမှာ (၁၅)နှစ်အရွယ်တွင် ပျောက်ဆုံးသွားခဲ့သည်။

“အဘွားမှာ သားသမီးတွေ အများကြီး မွေးခဲ့ပြီးမှ သားသမီးတွေနဲ့ မနေရတဲ့ဘ၀ပါ။ ဟိုးအရင်ဘ၀တွေက သူများလင်မယား၊ သူများလင်ကိုလည်း အဘွားယူခဲ့မိလိမ့်မယ်။ သူများသား သမီးတွေကိုလည်း အဘွားခွဲ ခဲ့မိလိမ့်မယ်။ ဒါကြောင့် ဒီလိုနေခဲ့ရတဲ့ဘ၀၊ ဒီနေရာမှာ သားသမီးတွေမရှိဘဲ နှစ်ပေါင်း မနည်းတော့ဘူး” ဟုပြောပြခဲ့သော အဘွားဒေါ်စောတင်မှာ ပြောနေရင်းမှပင် မျက်ရည်များ စီးကျလာခဲ့သည်။

အဘွားအိုမှာ လူမျိုးခြားများနေအိမ်တွင် အသက်(၇၂)အရွယ်ထိ အ၀တ်လျှော်၊ ထမင်းချက်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်။ ထို့နောက် အသက်အရွယ်ကြီးရင့်ပြီး အသုံးမ၀င်တော့သဖြင့် ထမင်းချက် အ၀တ်လျှော် အလုပ်ကို စွန့်လွှတ်ခဲ့ရပြီး ယင်းရပ်ကွက်အတွင်းရှိ လူမျိုးခြားနေအိမ်တွင်ပင် ကျောတစ်ခင်းစာအတွက် တစ်လကို လေးငါးခြောက်ထောင်ပေး နေထိုင်ပြီး ရန်ကုန်မြို့၊ လူစည်ကားရာလမ်းဆုံ နေရာများတွင် အလှူခံတောင်းရမ်းစား သောက်ခဲ့ရသည်။

အဘွားက ရှစ်မိုင်၊ သမိုင်း၊ လှည်းတန်း၊ ကမ္ဘာအေးတို့မှာ အလှူခံတယ်၊ ကမ္ဘာအေးမှာဆိုရင် အလှူခံပြီး ဘုရားတက်ဖူးတယ်၊ ဘုရားမှာလှူတယ်၊ ရွှေတိဂုံမှာတော့ အလှူမခံဘူး၊ ဘုရားဖူးသက်သက်ပဲ သွားတယ်၊ ဘုရားမှာ လှူတယ်” ဟု ဆိုသည်။

နံနက်ခင်းအဆာပြေ အသုတ်လေးများ ၀ယ်စားပြီး ညနေသုံးနာရီခွဲ လေးနာရီတွင် အလှူခံထွက်လေ့ရှိ သော အဘွားဒေါ်စောတင်တစ်ယောက် တစ်နေ့ကို အလှူငွေ လေးငါးထောင်မှ တစ်သောင်းကျော်အထိ ရတတ်သည်။ တစ်ခါတလေ ဟင်းလေး တစ်ရာနှစ်ရာဖိုးနဲ့ ၀ယ်ခြမ်းစားသောက်ရသော အဘွားဒေါ်စော တင်တစ်ယောက် အိမ်ရှင်များနှင့်လည်း ဝေခြမ်းစားသောက်လေ့ရှိပြီး “ကိုယ်တောင် သူများလှူလို့ စားရ သောက်ရတာ၊ ကိုယ်ကလည်း ပြန်ကျွေးပြီး ကုသိုလ်ယူရသည်” ဟု ဆိုပြန်သည်။

“အဘွားအလှူခံရင် လမ်းဘေးမှာပဲထိုင်တယ်၊ သူများ စားနေသောက်နေတဲ့နေရာမှာ သွားပြီး မတောင်း ချင်ဘူး။ စားတဲ့သောက်တဲ့သူ အနှောင့်အယှက် ဖြစ်မယ်၊ ပြီးတော့ သူတို့မှာလည်း စိတ်မကြည်တဲ့အခါ အော်လိုက်မှာကို ကြောက်တယ်” ဟု ပြောပြန်သည်။ ထိြု့ပင် သူတောင်းစားမှာလည်း အရှက် ရှိပါတယ်၊ အဘွားမရှက်လို့ တောင်းစားတာ မဟုတ်ပါဘူး သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မနေနိုင်လို့ တောင်းစားရ တာလို့လည်း ၀မ်းပန်းတနည်း ပြောခဲ့သည်။

ရခိုင်ပြည်နယ် အစွန်အဖျားက ဗမာလူမျိုး အများစုနေထိုင်ကြသော ရွာတန်းရှည်လေး တစ်ရွာတွင် အဘွားဒေါ်စောတင်တစ်ယောက် ငယ်ငယ်ကပင် မိဘများနှင့် ကင်းကွာခဲ့ရသည်။ ငယ်ငယ်ကတည်းက စာသင်ကျောင်းမရောက် ဘုန်းကြီးကျောင်း မသွားခဲ့ရသော အဘွားဒေါ်စောတင် တစ်ယောက်စာဆိုသည် မှာ သစ်ပင်တွင်နားသော စာကိုသာ သိခဲ့သည်ဟု ဆိုသည်။

“အဘွား ရခိုင်ကနေလာတော့ စာလည်းမတတ်ဘူး။ ကကြီးကနေ ဗလချိုင့်မေးလို့လည်း အဘွားမပြော တတ်ဘူး။ ဒီကျမှ တရုတ်သူဌေးမကြီး တစ်ယောက်ကနေ စာသင်ပေးတယ်၊ ပတ်ဆင့်တွေကို သင်ပြပေါင်း ပြမှ ပေါင်းတတ်လာတယ်။ အသံထွက် ဖတ်တတ်လာတယ်၊ အဲဒီတရုတ်မကြီးက တော်တော်ကို သဘော ကောင်းတယ်။ တရားစခန်းတွေ၊ ဥပုသ်စခန်းတွေကိုလည်း ခေါ်တယ်၊ အဘွားက လိုချင်တော့ သင်ယူခဲ့ရ တယ်” ဟု အဘွားအို ဒေါ်စောတင်တစ်ယောက် မျက်နှာတွင် ရိုးသားမှု အပြည့်ဖြင့် ပြန်ပြောင်းပြောပြ သည်။

သြကာသ ဘုရားရှိခိုးစာများပင် တရုတ်သူဌေးမကြီး ကျေးဇူးဖြင့် တတ်မြောက်ခဲ့ရပြီး လူမျိုးခြားနေအိမ်က ၄င်း၏ ကျောတစ်ခင်းစာ အိပ်ရာခေါင်းရင်းထရံတွင် ရွှေတိဂုံဘုးရား၌ လှူဒါန်းမှုပြုခဲ့ရာမှ ပြန်လည်ရရှိ သော ဘုရား ပြက္ခဒိန်လေးကိုပင် နေ့စဉ် ညအိပ်ရာဝင်တိုင်း ဘုရားဝတ်ပြုမှု ပြုခဲ့ရသည်။

လွန်ခဲ့သော သုံးနှစ်ကျော်ခန့်ကပင် ရခိုင်ပြည်နယ်မှ နှစ်ပေါင်းသုံးဆယ် ကျော်ကြာ ကွဲကွာနေခဲ့ရသည့် သားသမီးသုံးယောက်နှင့် အဆက်အသွယ် ပြန်လည်ရရှိခဲ့ပြီး ပြန်လာရန်အကြောင်း ကြားခဲ့သော်လည်း ရန်ကုန်မြို့တွင် သောင်တင်နေသေးခြင်းသည် နောက်ဆုံးဝဋ်ကြွေးဖြစ်သော အချုပ်ကျခြင်းကို ဆပ်ရန် ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်ဟု အဘွားဒေါ်စောတင်က တရားသတိဖြင့် မှတ်ယူထားသည်။

ရန်ကုန်မြို့တွင် နှစ်ပေါင်းသုံး ဆယ်ကြာနေထိုင်ခဲ့သော အသက်ရှစ် ဆယ်အရွယ် အဘွားဒေါ်စောတင် တစ်ယောက် နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ခွဲခွာခဲ့ရသော သားသမီးမြေးမြစ်များနှင့်တွေ့ဆုံရန် ဇန်န၀ါရီ ၂၁ ရက် နေ့ညနေက ရခိုင်ပြည်နယ် မောင်တောသို့ ခရီးစတင်ထွက်ခွာသွားပြီ ဖြစ်သည်။ မောင်းတောမှ အန်းမြို့၊ ထိုမှတစ်ဆင့် သားနှင့်သမီးရှိသော စခန်းမော်နှင့် ရွာမဆိုသော ဒေသသို့ ဆက်လက်ထွက်သွား မည်ဖြစ်သည်။ မြေးမြစ်များနှင့် ပျော်ရွှင်စွာနေထိုင်တော့မည်ဆိုသော အဘွားစောတင်တစ်ယောက် သူဝယ်စုခဲ့သော တရားခွေ (၃၁)ခွေဖွင့်လှစ်ရန် ကက်ဆက်တစ်လုံး ၀ယ်မသွားနိုင်ခြင်းကိုတော့ ၀မ်းနည်း နေပုံရသည်။

ရန်ကုန်မြို့တွင် အဘွားအို ဒေါ်စောတင်ကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် တောင်းရမ်းစားသောက်နေကြရ သော အဘိုးအဘွား အမြောက်အမြား ရှိသည်။ တချို့အဘိုးအဘွားများမှာ သားသမီးများရှိသော်လည်း ပစ်ပယ်ခံထားရခြင်းများ ရှိနေသည်။

ကျွန်တော်တို့နိုင်ငံတွင် အနာဂတ်အတွက်ဟုဆိုကာ ရင်သွေးငယ်များ၊ လူငယ်လူရွယ်များတွက်သာ အာရုံ စိုက်နေကြချိန်တွင် ထိုလူငယ်သူငယ်များကို မွေးထုတ်ပေးခဲ့သည့် သက်ကြီးဘိုးဘွားများ၏ နေ၀င်ချိန်ကို တော့ အာရုံစိုက်သူ နည်းနေသေးသည်။

ရန်ကုန်မြို့ လမ်းမများ၊ လူစည်ကားရာနေရာများ၊ လမ်းဆုံများတွင်မှာတော့ သက်ကြီး အဘွားအို၊ အဘိုး အိုများ အလှူခံတောင်းရမ်း စားသောက်နေသည်ကို တွေ့ရှိနေရသေးသည်။ ထိုအထဲမှ အသက်ရှစ်ဆယ် အရွယ် သန့်သန့်ပြန့်ပြန့်နှင့် ပုံ့ပုံ့ကျုံ့ကျုံ့လေး ထိုင်နေတတ်သော အဘွားအိုတစ်ယောက် မရှိတော့သည် ကိုတော့ သူ့အား တွေ့ဖူး၊ လှူဒါန်းဖူးသောသူတိုင်း သတိပြုမိကြမည်ဟုတော့ ယူဆရပါသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese