Friday, January 31, 2014

ဘော်စတွန် မာရသွန် ဗုံးသမားကို သေဒဏ်ပေးနိုင်ရန် ရှေ့နေများ ကြိုးစားနေ

31 Jan 2014
အမေရိကန် အစိုးရ ရှေ့နေများ အနေဖြင့် ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုတွင် ဖမ်းဆီးရမိထားသည့် တရားခံ ဇိုခါဆာနေ့ဗ်ကို သေဒဏ်ချမှတ်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်က အစ်ကိုဖြစ်သူနှင့် ပူးပေါင်းကျူးလွန်သည့် အဖျက်လုပ်ငန်းတွင် လူ(၃)ဦး သေဆုံးပြီး (၂၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ အသက်(၂၀)အရွယ်ရှိ ဇိုခါ၏အစ်ကို တာမာလန်မှာမူ ၎င်းကို ဖမ်းဆီးရန် ကြိုးစားစဉ် ရဲတပ်ဖွဲ့၏ ပစ်သတ်ခံရခြင်းကြောင့် သေဆုံးခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာများနှင့် ပုန်းအောင်းနေသည့် ဇိုခါမှာမူ အမိခံလိုက်ရပြီး ယခုအခါတွင်မူ တရားရုံး၏ စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ "လက်ရှိ အနေအထားတွေ အရတော့ အမှုသည်ဘက်က အဆိုပြုချက်တွေကို တရားရုံးက လေ့လာနေဆဲပါ။ ဘာပဲဖြစ်ဖြစ် အမေရိကန် အနေနဲ့ ဒီကိစ္စမှာ အပြစ်ရှိသူကို သေဒဏ်ချ မှတ်နိုင်ဖို့ လုပ်ဆောင်ပါလိမ့်မယ်"ဟု ရှေ့နေ အဲရစ်ဟိုလ်ဒါက ပြောကြားခဲ့သည်။

၎င်းက "ဒီလိုအမှုမျိုးရဲ့ သဘောသဘာဝအရ အမြင့်ဆုံး ပြစ်ဒဏ်ကို ရှောင်လွှဲဖို့လည်း ခက်ပါလိမ့်မယ်"ဟု တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအချက်အလက်များကို ကိုးကားပြီး ၎င်းက မှတ်ချက်ပေးခဲ့သည်။ အမေရိကန်တွင် (၁၉၉၄)ခုနှစ်က အိုကလာဟိုးမားရှိ အစိုးရ အဆောက်အအုံ တစ်ခုကို ဗုံးခွဲခဲ့သည့် တင်မိုသီ မက်ဗင်းဂ်ကို သေဒဏ်ပေးခဲ့ဖူးပြီး ဇိုခါအနေဖြင့်လည်း အလားတူ အခြေအနေမျိုး ရင်ဆိုင်ရဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဇိုခါသည် ဇူလိုင်လက ပထမဆုံးအကြိမ် တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ပြီး ၎င်းအပေါ် စွပ်စွဲထားသည့် စွဲချက်(၃၀)ကို အပြစ်မရှိဟု ငြင်းဆိုထားသည်။
Planet Myanmar Network