Tuesday, January 28, 2014

4G ထက် အဆ(၁၀၀၀) ပိုမြန်သည့် 5G ကွန်ရက် တောင်ကိုရီးယားတွင် တပ်ဆင်မည်

28 Jan 2014
တောင်ကိုရီးယား နိုင်ငံသည် လက်ရှိ 4Gကွန်ရက် နည်းပညာထက် အဆ(၁၀၀၀) ပိုမြန်မည့် 5Gကွန်ရက် ကို လာမည့်(၆)နှစ်အတွင်း အကောင်အထည်ဖော် တပ်ဆင်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရ သည်။ တောင်ကိုရီးယား နိုင်ငံသည် 5Gကွန်ရက် မြှင့်တင်မွမ်းမံရေး စီမံကိန်းအတွက် ပေါင်စတာလင် သန်း(၉၀၀)ကို ရင်းနှီးမြှုပ်နှံလိုက်ပြီ ဖြစ်သည်။ 5Gကွန်ရက်၏ မြန်နှုန်းသည် 800MB အရွယ်အစားရှိသော ရုပ်ရှင်ဇာတ်ကား တစ်ခုကို တစ်စက္ကန့်ပင် မကြာသည့် အချိန်အတွင်း Download ဆွဲချနိုင်သည်အ ထိ ထောက်ပံ့နိုင်မည်ဟု ဆိုသည်။ တောင်ကိုရီးယားတွင် (၂၀၁၇)ခုနှစ်၌ ပထမဆုံး 5Gကွန်ရက်များကို စတင်စမ်းသပ် သုံးစွဲလာနိုင်ဖွယ် ရှိနေပြီး စီးပွားဖြစ် တပ်ဆင်ရောင်းချမှုသည် (၂၀၂၀)တွင် အစပြုနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

5Gကွန်ရက်တွင် မြန်နှုန်းသည် တစ်စက္ကန့်လျှင် 1GBထိ မြင့်တက်လာရန် မျှော်လင့်ထားပြီး ယင်းအခြေ အနေသည် လက်ရှိ သုံးစွဲနေသည့် 4Gကွန်ရက်ထက် အဆ(၁၀၀၀) ပိုမြန်မည့် သဘောဖြစ် သည်။ တောင်ကိုရီးယား သိပ္ပံဝန်ကြီးဌာနက မိမိတို့သည် နည်းပညာ နယ်ပယ်တွင် 5Gကွန်ရက် စနစ် မြှင့်တင်မှုကို ထည့်သွင်းသွားရန် ဆန္ဒရှိပြီး လာမည့်(၆)နှစ်အတွင်း အကောင်အထည်ပေါ် ရန် မျှော်မှန်းထားကြောင်း ကြေညာခဲ့သည်။ ယင်းအတွက် တောင်ကိုရီးယားဝမ် (၁.၆)ထရီလီယံ (ပေါင်စတာလင် သန်း ၉၀၀)မျှထိ ရင်းနှီးမြှုပ်နှံသွားမည်ဟုလည်း ဆိုသည်။

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက "(၁၉၉၀)ပြည့်လွန် နှစ်တွေက နိုင်ငံအတွင်းမှာ 2Gကွန်ရက် အရှိန်အဟုန် ကောင်းလာအောင် ကျွန်တော်တို့ တွန်းအားပေးနိုင်ခဲ့ပါတယ်။ (၂၀၀၀)ပြည့်လွန်နှစ်တွေမှာ 3Gကွန်ရက်၊ (၂၀၁၀)ပြည့်လွန် နှစ်တွေမှာ 4Gကွန်ရက် မြှင့်တင် တပ်ဆင်နိုင်ဖို့လည်း ကူညီပေးခဲ့တယ်။ ခုချိန်ကတော့ 5Gကွန်ရက်ကို မြှင့်တင်ဖို့ အသင့်တော်ဆုံး အနေအထား ဖြစ်လာပါပြီ"ဟု ပြောကြားခဲ့သည်။

၎င်းက "ဥရောပ နိုင်ငံတချို့နဲ့ အမေရိကန်တို့ဟာ 5Gကွန်ရက်ကို ရောက်ရှိနိုင်အောင် အသည်းအသန် အားထုတ်နေပါတယ်။ လာမယ့်နှစ် အပိုင်းအခြား တချို့မှာတော့ ဈေးကွက်ထဲမှာ 5Gအတွက် အားပြိုင် မှုတွေ ပြင်းထန်လာမယ် ထင်ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။ လက်ရှိစီမံကိန်းအရ ပထမဆုံး 5G စမ်းသပ်ကွန်ရက်ကို (၂၀၁၇)ခုနှစ်တွင် တောင်ကိုရီးယား၌ စတင်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက် စီးပွားဖြစ် ရောင်းချနိုင်သည့် အခြေအနေသည် (၂၀၂၀)ပြည့်နှစ်အမီ ရောက်ရှိလာမည်ဟုလည်း သိရှိရသည်။
Planet Myanmar Network