Wednesday, December 4, 2013

Spitfire လေယာဉ်တစ်စင်းကို ပေါင် ၂ သန်းဖြင့် ဘရတ်ပစ်တ်ဝယ်ယူ

04 Dec 2013
ဘရတ်ပစ်တ်သည် ရှေးဟောင်း တိုက်လေယာဉ် တစ်စင်းကို ပေါင်စတာလင် (၂)သန်းထိ အကုန်အကျခံ ဝယ်ယူလိုက်ကြောင်း သိရှိရသည်။ ဟောလီးဝုဒ် နာမည်ကျော် မင်းသားသည် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ပစ္စည်းများကို အလွန်နှစ်သက်စွာ စုဆောင်းလေ့ရှိသူ တစ်ဦးဖြစ်ပြီး ယခုလည်း Spitfire တိုက်လေယာဉ် တစ်စင်းကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက ဗြိတိ သျှ လေတပ်မတော်၏ ဂုဏ်ဆောင် တိုက်လေယာဉ် ဖြစ်ခဲ့သည့် Spitfire တစ်စင်းကို ဝယ်ယူခဲ့ပြီးနောက် ဘရတ်အနေဖြင့် အောက်စ်ဖို့ဒ်ရှိ ဘူလ်တဘီ လေကြောင်းပျံသန်းမှု သင်တန်းကျောင်းတွင် လေယာဉ် အမောင်းသင်မည်ဟုလည်း သိရသည်။

အသက်(၄၉)နှစ်ရှိ မင်းသားသည် မကြာသေးမီက ဒုတိယကမ္ဘာစစ် နောက်ခံဇာတ်ကား Furyတွင် ပါဝင်သရုပ်ဆောင်ထားသည်။ ထိုဇာတ်ကား အပြီးတွင်မူ (၁၉၃၉)မှ (၁၉၄၅)ခုနှစ်ထိ ဖြစ်ပွားခဲ့သော စစ်ကြီးအတွင်း ဗြိတိသျှ တော်ဝင်လေတပ်က အသုံးပြုခဲ့သည့် လေယာဉ်ဟောင်း တစ်စင်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ဘရတ်နှင့် နီးစပ်သူ တစ်ဦးက "ဘရတ်ဟာ ဒုတိယကမ္ဘာစစ်က စစ်လက်နက် ပစ္စည်းတွေအကြောင်း တော်တော်စိတ်ဝင်စားပါတယ်။ Furyဇာတ်ကားကို ရိုက်တုန်းကလည်း ကိုယ်တိုင် တင့်ကားမောင်းတတ်အောင် သင်ခဲ့တယ်။ ခုတစ်ခါ အထင်ကရ စစ်လက်နက်ဟောင်း တစ်ခုကို ဝယ်လိုက်ပြန်ပါပြီ"ဟု ဆိုသည်။

ဘူလ်တဘီမှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ "ကျွန်တော်တို့ သင်တန်းမှာ သင်ကြားမယ့် သူတွေအကြောင်း မှတ်ချက်မပေးလိုပါဘူး။ ဒါပေမဲ့ ဒီမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေ တော်တော်များ များ လေယာဉ်မောင်း လာသင်ကြပါတယ်။ Spitfireတွေကို ဝယ်ယူစုဆောင်းတယ် ဆိုတာက လူချမ်းသာတွေကြားမှာ ခေတ်စားတဲ့ ဓလေ့တစ်ခုပါ"ဟုသာ မတင်မကျ ပြောဆိုသွားသည်။
Planet Myanmar Network