Tuesday, December 31, 2013

SEA Games ကုန်ကျစရိတ် လွှတ်တော်တင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အသုံးစရိတ် ကုန်ကျမှုများကို ဇန်နဝါရီလတွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ တင်ပြမည် ဖြစ်ကြောင်း အား ကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

နှစ်ပေါင်း ၄၄ နှစ်အကြာတွင် ပြန်လည် ကျင်းပခွင့်ရခဲ့သည့် ယင်းပြိုင်ပွဲကြီး၏ စုစုပေါင်း အသုံးစရိတ် မည်မျှ ရှိသည်ကို လက်ရှိအချိန်တွင် အတိအကျ မပြောနိုင်ခြင်းမှာ ပြိုင်ပွဲကျင်းပရေး ကော်မတီ ၁၄ ခုသည် လွှတ်တော်က ချထားပေးသည့် အသုံးစရိတ်များကို ခွဲဝေသုံးစွဲခြင်း ဖြစ်ရာ ကုန်ကျစရိတ် အားလုံး မတွက်ချက်နိုင် သေးသောကြောင့် ဖြစ်သည်ဟု ၄င်းကဆိုသည်။

ပြိုင်ပွဲကျင်းပနိုင်ရေး အတွက် ကော်မတီများဖွဲ့၍ ဆောင်ရွက်ခဲ့ရာတွင် ဖွင့်ပွဲပိတ်ပွဲ တာဝန်ယူရသည့် ယဉ်ကျေးမှု ဝန်ကြီးဌာနက လူအင်အားများစွာ သုံးစွဲခဲ့ ရသည့် အတွက် အခြားကော်မတီ များထက် အသုံးစရိတ် ပိုမို များပြားနိုင်ကြောင်း၊ ယင်းအသုံးစရိတ်ကို ကော်မတီအားလုံးက သုံးစွဲခြင်း ဖြစ်သောကြောင့် ကော်မတီတစ်ခု နှင့် တစ်ခု အသုံးစရိတ် တူညီမည် မဟုတ်ကြောင်း အားကစား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်လည်း ရှိသူ ၄င်းက ဆက်လက် ရှင်းပြသည်။

SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် အားကစားကွင်းနှင့် တည်းခိုနေထိုင်ရေး အဆောက်အအုံများ တည်ဆောက်ရေး ကော်မတီ၊ ပြိုင်ပွဲတိုင်း ပါဝင် ယှဉ်ပြိုင်ရေးနှင့် အောင်မြင်ရေးအတွက် ကြိုတင်ပြင် ဆင် လေ့ကျင့်ရေး ကော်မတီ၊ ပြိုင်ပွဲများ မှတ်ပုံတင်ခြင်းနှင့် အားကစား ပြိုင်ပွဲ နည်းစနစ် ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ကော်မတီ၊ လုံခြုံရေး ကော်မတီ၊ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်ရေး ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေးနှင့် ဆုချီး မြှင့်ရေး ကော်မတီ၊ ဆက်သွယ်ရေး ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ကော်မတီ၊ လူထု စည်းရုံး လှုံ့ဆော်ရေး၊ သတင်းပြန်ကြားရေး နှင့် မှတ်တမ်းတင်ရေး ကော်မတီ၊ တည်းခို နေထိုင်ရေးနှင့် အစားအသောက် ဧည့်ခံ ကျွေးမွေးရေး ကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုဆက်သွယ်ရေး ကော်မတီ တို့ကို ဖွဲ့စည်း လုပ်ဆောင်ခဲ့သည်။
The Voice Weekly