Monday, December 9, 2013

KNU က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံတွင် UNFC ကို မဖိတ်ကြား

Monday, December 9, 2013
ကရင်အမျိုးသားအစည်းအရုံး (KNU)က ၎င်း၏ထိန်းချုပ်နယ်မြေအတွင်း ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၏ ညီလာခံတွင် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကို ဖိတ်ကြားမည်မဟုတ်ကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံး၏ ဒီဇင်ဘာလ ၂ရက်မှ ၅ရက် အထိ ကျင်းပခဲ့သည့် အမြဲတမ်းဗဟိုကော်မတီအစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

““သူ (UNFC) ရဲ့ ရပ်တည်ချက်ကတော့ တစ်ခုလုံးခြုံပြောရင် သူ့ရဲ့သဘောထားက အပြုသဘောမဆောင်ဘူးလေ။ ကိစ္စတိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ရေးကို ဦးတည်တဲ့အတွက် မဖိတ်တာ””ဟု ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များ ညီလာခံကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်ထိ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လောခီးလာစခန်းတွင် ကျင်းပရန်စီစဉ်ထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့အား လေ့လာသူအဖြစ် ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

(UNFC)ကို မဖိတ်ကြားသော်လည်း အခြားသော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံးကို ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

““ (UNFC)ကို မဖိတ်လည်း NCTT (တိုင်းရင်းသားများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့) အနေနဲ့ တက်လာလို့ရတာပဲ။ သူတို့ကို မဖိတ်လို့ ဆွေးနွေးပွဲပျက်စရာ အကြောင်းတော့မရှိဘူး။ (UNFC) ဆိုရင် ၀ (UWSA)တို့  မိုင်းလားအဖွဲ့တို့ RCSS/SSA တို့တောင်မပါဘူး”” ဟု မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
““ UNFC မှာလည်း ဥပမာ နိုင်ဟံသာဆိုရင် မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဋ္ဌ UNFC မှာ အထွေထွေအတွင်းရေးမှူးဆိုတော့ မွန်ပြည်သစ်ပါတီကိုယ်စားပြုပြီး တက်လာလို့လည်းရတယ်လေ။ ပြီးတော့ UNFC ရဲ့ နိုင်ငံရေးဝါဒတွေပြောလေ။ အရေးကြီးတာကတော့ UNFC ဆိုင်းဘုတ်ကို ခေါ်မသွင်းတာပဲလေ။ ဒါအဓိကပဲ”” ဟု ဖဒို မန်းငြိမ်းမောင်ကဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ပထမဆုံးအကြိမ်အဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အောက်တိုဘာလကုန်ပိုင်းက ကျင်းပခဲ့စဉ်က UNFC မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် မိုင်းလအဖွဲ့တို့ မတက်ရောက်ခဲ့ပေ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ၂၀၁၁ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSPP/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး လားဟူဒီမိုကရက်တစ်ယူနီယံ (LDU)၊ ရခိုင်ပြည်နယ် အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (NUPA)ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ၀အမျိုးသားအဖွဲ့ချုပ်တို့ ပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံးနယ်မြေတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် မြန်မာအစိုးရ နှင့် ဘားအံမြို့တွင် ဆက်လက်ဆွေးနွေးရန် စီစဉ်ထားပြီး အစိုးရအဖွဲ့အနေဖြင့် အဆင်သင့်ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
7Day Daily