Tuesday, December 3, 2013

FIFA ၏ တရားဝင် မိုဘိုင်း App စတင်ထုတ်ဝေ

04 Dec 2013
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA အနေဖြင့် ၎င်းတို့၏ တရားဝင် Appတစ်ခုကို စတင်ထုတ်ဝေလိုက်ပြီဟု အတည်ပြု ကြေညာခဲ့သည်။ ကမ္ဘာပေါ်တွင် ဘောလုံးအားကစားနှင့် ပတ်သက်ပြီး နေ့စဉ် လူကြည့်အများဆုံး ဝက်ဘ်ဆိုက်တစ်ခုအဖြစ် ရပ်တည်နေသော FIFA.comသည် အဆိုပါ Appအတွက် အဓိက ထောက်ပံ့မည် ဖြစ်သည်။ ယင်းAppမှတစ်ဆင့် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြုလုပ်မည့် ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှု အစီအစဉ်ကို တိုက်ရိုက် စောင့်ကြည့်နိုင်မည်ဟုလည်း FIFAက ဆိုသည်။ ထို့အပြင် စမတ်ဖုန်းများ၊ Tabletကွန်ပျူတာများမှတစ်ဆင့် FIFA၏ သတင်းအချက်အလက်များကို ပိုမိုလွယ်ကူ လျင်မြန်စွာ ကြည့်ရှုနိုင်တော့မည် ဖြစ်သည်။ FIFAက ၎င်းတို့၏ Appကို စတင်ထုတ်ဝေချိန်တွင် ကမ္ဘာပေါ်၌ Downloadဆွဲ ရယူမှု အများဆုံး Appတစ်ခု ဖြစ်လာရန် မျှော်လင့်ထားသည်။ FIFA၏ ကျွမ်းကျင်သူများက လပိုင်းအတွင်း Download အရေအတွက် သန်း(၇၀)မျှထိ ရှိလာမည်ဟု တွက်ချက်ထားသည်။

FIFAဥက္ကဋ္ဌ ဆက်ဘလတ္တာက "ကျွန်တော်တို့ရဲ့ ဦးတည်ချက်ဟာ ဘောလုံးအားကစား တိုးတက်ရေး တစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့ ဘောလုံးအားကစားတို့ အနာဂတ်မှာ ပိုထိတွေ့လာဖို့လည်း ဖြစ်ပါတယ်။ FIFAရဲ့ တရားဝင် Appဟာ မိုဘိုင်းလ် နည်းပညာတွေကို အခြေခံကျကျ အသုံးချထားတာပါ။ ခုခေတ်မှာ မိုဘိုင်းလ်နည်းပညာဆိုတာ လူတွေနဲ့ အထိတွေ့ဆုံး အခြေအနေတစ်ရပ် ဖြစ်လာပါပြီ။ ဒါကြောင့် ဒီAppဟာ လှပတဲ့ ဘောလုံးအားကစားနဲ့ လူတွေကြား ဘယ်တော့မှ ကင်းကင်းကွာကွာ ဖြစ်မနေအောင် ကူညီပေးနိုင်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ အဆိုပါ Appကို FIFA.com ဝက်ဘ်ဆိုက်ပေါ်တွင် အခြေခံ တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်သည် ဝင်ရောက်ကြည့်ရှုမှု အရေအတွက် (၇)ဘီလျံအထက် ရောက်ရှိနေပြီဖြစ်ပြီး Unique Visitor အရေအတွက် သန်း(၁၅၀)ကျော် ရှိခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network