Monday, December 2, 2013

Drone များ အသုံးပြုမည့် အစီအစဉ် Amazon စမ်းသပ် (ရုပ်/သံ)

03 Dec 2013
Amazon ကုမ္ပဏီသည် ဖောက်သည်များ မှာယူသည့် ပစ္စည်းများကို အဝေးထိန်း ယာဉ်ပျံငယ် Droneလေးများဖြင့် ပို့ဆောင်ရန် စတင်စမ်းသပ် လုပ်ဆောင်နေပြီဟု အတည်ပြု ကြေညာခဲ့သည်။ အတော်အသင့် ဝေးကွာသော ခရီးမျိုးအတွက် ကားဖြင့် မောင်းပို့သည့်အစား အပေါ့စား ကုန်စည်များကို Droneလေးများဖြင့် စတင်စမ်းသပ် ပို့ဆောင်နေခြင်း ဖြစ်သည်။ နာမည်ကျော် အရောင်းဝန်ဆောင်မှု ဌာနကြီးမှ အမှုဆောင်ချုပ်ဖြစ်သူ ဂျက်ဖ်ဘီဇော့စ်က မိမိတို့သည် အစောပိုင်းကတည်းက အဆိုပါ စမ်းသပ်မှုကို ပြုလုပ်နေခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

လတ်တလောတွင် ရောင်းကုန်များအတွက် အပေါ့စား Droneလေးများကိုသာ စမ်းသပ်နေသော်လည်း အနာဂတ်တွင်မူ ကြီးမားသည့် စက်လက်တံများ တပ်ဆင်ထားသော မောင်းသူမဲ့ ယာဉ်ပျံများကို ချဲ့ထွက် အသုံးပြုနိုင်ရန်အထိ Amazonက မျှော်လင့်ထားသည်။ သို့သော်လည်း ယင်းကဲ့သို့ Droneများကို တွင်ကျယ်စွာ အသုံးပြုရန်အတွက် အကြီးမားဆုံး အခက်အခဲ တစ်ရပ်မှာ အမေရိကန် လေကြောင်း အာဏာပိုင်များထံမှ ခွင့်ပြုမိန့်ကို ရရှိရန်ပင် ဖြစ်သည်။ Amazon၏ စမ်းသပ်မှုအရ ယာဉ်ကြော ရှုပ်ထွေးမှုကဲ့သို့ ပြဿနာများကို ရှောင်ရှားနိုင်သည့် ယင်း Drone လေးများသည် သမားရိုးကျ လူဖြင့်ပို့ဆောင်သည့် နည်းလမ်းထက် အချိန်အားဖြင့် မိနစ်(၃၀)မျှ သက်သာလေ့ရှိကြောင်း သိရှိရသည်။

ယခုလုပ်ရပ်သည် Amazon၏ စတန့်ထွင်ခြင်းဟု ဝေဖန်မှုများ ရှိသော်လည်း ဘီဇော့စ်က "ဒါက စိတ်ကူးယဉ် သိပ္ပံဇာတ်ကားလို ဖြစ်နေမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ စတန့်ထွင်တာ မဟုတ်ပါဘူး"ဟု ပြောဆိုခဲ့သည်။ လတ်တလောတွင်မူ Droneများ သယ်ယူနိုင်သည့် အလေးချိန်သည် (၅)ပေါင် ဝန်းကျင်မျှသာ ရှိသေးသည်။ အမှန်တကယ်လည်း ကုမ္ပဏီက ပို့ဆောင်ပေးနေသည့် ကုန်စည်အားလုံး၏ (၈၆)ရာခိုင်နှုန်းမှာ အဆိုပါ အလေးချိန် သတ်မှတ်ချက် အောက်တွင်သာ ရှိကြသည်။

ဘီဇော့စ်က "(၁၀)မိုင်ပတ်ဝန်းကျင်လောက် နေရာကို ကောင်းကောင်း ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ယာဉ်ကြောရှုပ်ထွေးတဲ့ မြို့ပြ ဧရိယာတွေမှာ တော်တော်လေး အဆင်ပြေမယ့် ရွေးချယ်မှုမျိုးပါ။ အနာဂတ်မှာ ကယက်လှေတွေနဲ့ စားပွဲတွေကိုတောင် Droneတွေနဲ့ ပို့ဆောင်နိုင်ဖို့ ကျွန်တော် တို့ မျှော်လင့်ထားတယ်"ဟုလည်း ပြောကြားခဲ့သည်။ ဘီဇော့စ်က Droneများကို အသုံးပြုခြင်းသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ဆိုသည်။ "ဒီယာဉ်လေးတွေထဲမှာ သုံးထားတာက လျှပ်စစ်မော်တာတွေပါ။ ထရပ်ကားတွေ လျှောက်မောင်းနေရတဲ့ အခြေအနေထက် လေထုညစ်ညမ်းမှု လျှော့ချဖို့ အများကြီး အသုံးဝင်ပါလိမ့်မယ်"ဟုလည်း ၎င်းက မှတ်ချက်ပြုသွားသည်။
Planet Myanmar Network