Tuesday, December 24, 2013

၂၀၁၆ ဆူဇူကီးဖလားပူးတွဲအိမ်ရှင် မြန်မာနှင့်ဖိလစ်ပိုင်ကို ရွေးချယ်

AFF suzuki 2012
နေပြည်တော်၊ ဒီဇင်ဘာ-၂၃
၂၀၁၆ ခုနှစ် အာရှဘောလုံးအဖွဲ့ ချုပ် (အေအက်ဖ်အက်ဖ်) (ဆူဇူကီး ဖလား) ပြိုင်ပွဲ ဘောလုံးပွဲစဉ်များအား လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများ အဖြစ် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ကို ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့သည့် အာရှဘောလုံးအဖွဲ့ချုပ်ကောင်စီ
နှစ်စဉ် အစည်းအဝေးက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့သည် အေအက်ဖ်အက်ဖ် ချန်ပီယံရှစ် (ဆူဇူကီးဖလား) ဘောလုံးပြိုင်ပွဲ စတင်ခဲ့သည့် ၁၉၉၆ မှစ၍ ယနေ့တိုင် ယင်းပြိုင်ပွဲ ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးခြင်း မရှိပေ။ ယင်းအပြင် အေအက်ဖ်အက်ဖ် ကောင်စီဆွေးနွေးပွဲရလဒ်များအရ ၂၀၁၆ အေအက်ဖ်အက်ဖ် ချန်ပီယံရှစ် ပြိုင်ပွဲ ခြေစစ်ပွဲများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ အေအက်ဖ်အက်ဖ် ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်များကို ဖိလစ်ပိုင်နိုင်ငံနှင့် ပူးတွဲရေး အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် ရွေးချယ်ခဲ့ခြင်းသည် မြန်မာနိုင်ငံကို ဂုဏ်ပြုရာရောက်ကြောင်း၊ပွဲစဉ်များ လက်ခံကျင်းပပေးနိုင်ရေး အတွက် အားကစားကွင်းသစ်များလည်း တည်ဆောက်ပြီး အသင့်ရှိရာ အိမ်ရှင် တာဝန်ကို ကောင်းစွာကျေပွန်မည်ဟု မိမိတို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။ ၂၀၁၆ အေအက်ဖ်အက်ဖ် ချန်ပီယံရှစ်ပြိုင်ပွဲ ရှုံးထွက်အဆင့်များကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း များတွင် ဖော်ပြထားသည်။

အေအက်ဖ်အက်ဖ် ချန်ပီယံရှစ် ဘောလုံးပွဲစဉ်များကို ၂၀၀၂ ခုနှစ် မှစ၍ နှစ်နိုင်ငံပူးတွဲအိမ်ရှင်စနစ်ဖြင့် ကျင်းပခဲ့ရာ ၂၀၁၄ ပြိုင်ပွဲကို စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး
ခြေစစ်ပွဲများအား လာအိုနိုင်ငံက လက်ခံကျင်းပပေးသွားမည်ဖြစ်သည်။
စံတော်ချိန် နေ့စဉ်သတင်းစာ