Wednesday, December 18, 2013

ရွှေ့ပြောင်းအလုပ်သမားများနေ့ ၁၃ နှစ်ပြည့်မှာ ရွှေ့ပြောင်းမြန်မာတို့ရဲ့ ရပိုင်ခွင့်များ ထိုင်းအာဏာပိုင်ထံ တောင်းဆို

မဲဆောက်၁၈ ဒီဇင်ဘာလ ၂၀၁၃
ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ သတ်မှတ်ပေးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ် သမားများနေ့ကို မဲဆောက်မြို့မှာ ဒီကနေ့ မနက်မှာ ကျင်းပခဲ့ကြပြီး၊ မဲဆောက်မြို့က လုပ်သမားရေး ကူညီဆောင်ရွက်နေကြတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ စက်ရုံက အလုပ်သမားတွေ ပူးပေါင်းအင်းအား ၃၀၀ ခန့် တက်ရောက်ခဲ့တာ တွေ့ရှိပါတယ်။

အခမ်းအနား ပထမပိုင်းအနေနဲ့ မဲဆောက်မြို့ မြို့ပိုင်ရုံးဝင်းအတွင်းမှာ စုရုံးကာ မြို့ပိုင်ကိုယ်တိုင် တက်ရောက်စကားပြောခဲ့ပါတယ်။ မဲဆောက်မြို့ပိုင် အရာရှိက မဲဆောက်ဒေသအတွင်းမှာရှိတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို သိရှိကြောင်း၊ စာနာနာလည်ကြောင်းနဲ့ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ လုပ်ခ တရက် ဘတ် ၃၀၀ ဟာ မဲဆောက်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားတွေ မရဘူးဆိုတာ သိကြောင်းနဲ့ ဒီကိစ္စကို အမြန်ဆုံးအကောင်အထည်ဖေါ်နိုင်အောင် ဆောင်ရွက်နေကြောင်း ပြော သွားခဲ့တယ်။

ရွှေ့ပြောင်း အလုပ်သမားတွေဘက်ကလည်း ဒေသအတွင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံနေရတာတွေ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေး လုပ်ခလစာမရသေး တာတွေနဲ့ ကျန်းမာရေးအရ ခံစားခွင့် ချိုးဖေါက်ခံနေရတာပါဝင်တဲ့ တောင်းဆိုချက် ၄ ချက်ပါတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို မြို့ပိုင်အရာရှိထံ ပေးအပ်ခဲ့ပါတယ်။

မြို့ပိုင်ဝင်းအတွင်းက အစီအစဉ်ပြီးတဲ့နောက်မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများနေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်းအလိုက် စီတန်းကာ မဲဆောက်မြို့တွင်း လှည့်လည် ချီတက်ခဲ့ကြပါ တယ်။

အစီအစဉ်ဒုတိပိုင်းအဖြစ် ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့တွေ စုစည်းကျင်းမယ့် ယူဂျီယာ ဟိုတယ်ခန်းမကို သွားရောက်စုစည်းကာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများနေ့ အထိမ်းအမှတ်ခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ခဲ့တာ ၆ နှစ်ကြာပြီး မြန်မာပြည်မှာတုန်းက ဆိုင်ကယ်တက္ကစီလုပ်ငန်းနဲ့ အသက်မွေးခဲ့သူတဦးကတော့ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့ရခြင်းအကြောင်းနဲ့ ရပ်တည်နေရတဲ့ အခက်အခဲတွေကို အခုလိုပြောပြပါတယ်။

“ကျနော်က မြန်မာပြည်မှာတုန်းက ကရင်ပြည်နယ် သံတောင်မှာနေတယ်၊ အလုပ်ကတော့ ဆိုင်ကယ် တက္ကစီပေါ့၊ ဒီအလုပ်က အန္တရာယ်များတယ် လုတာ ယှက်တာ ခံရတယ်။ အသက်အန္တရာယ်နီး တယ်၊ နောက်တခုက မြန်မာပြည်မှာက အလုပ်အကိုင်က ပုံမှန်မရှိဘူး၊ ဝင်ငွေပုံမှန်မရှိဘူးပေါဗျာ၊ ဒီမှာက အလုပ်ကမှန်တယ် နေ့စဉ်ဝင်ငွေဆိုတာရှိတယ်၊ တခုရှိတာက ဒီဘက်မှာအလုပ်အကိုင်ကောင်းပေမယ့်၊ အလုပ်သမားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ ချိုးဖေါက်ခံနေရတုန်းပဲ၊ နေ့စားလုပ်ခတွေ သတ်မှတ်ပေး ထားတဲ့အတိုင်း မရဘူး၊ နောက်တခုက အလုပ်ချိန် နာချိန် ပုံမှန်မရှိဘူး တရက်ကို ၁၃ နာရီလောက် လုပ်နေရတယ်။” လို့ ပြောပြသွားပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်းခွင့်ရ အထောက်အထားရှိသူ ရွှေ့ပြောင်းမြန်မာပြည်သား ၁.၇ သန်းရှိကြောင်း သိရှိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများနေ့ ဒီနှစ်ဆိုရင် ၁၃ နှစ် ပြည့်ခဲ့ပြီးဖြစ်ပြီး၊ ၂၀၀၀ ခုနှစ်တုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမား များနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ပွင့်ဦး
နေ့သစ်