Tuesday, December 10, 2013

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဆန်ခါတင်သုံးဦးစာရင်း မက်ဆီ၊ စီရော်နယ်ဒိုနှင့် ရီဘာရီတို့သာ ပါဝင်

ဒီဇင်ဘာ ၁၀
၂၀၁၃ ခုနှစ် ဖီဖာကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d’Or) အတွက် နောက်ဆုံးဆန်ခါတင် သုံးဦးစာရင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့ရာ ဆုရရန် ရေပန်းစားနေသည့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီတို့ သုံးဦးသာ ပါဝင်လာခဲ့သည်။

Ballon d’Or လေးနှစ်ဆက်ဆုရှင် မက်ဆီအနေဖြင့် ယခုနှစ်တွင်ပါ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်ခြင်းကြောင့် ၂၀၀၇ ခုနှစ်ကစ၍ ခြောက်နှစ်ဆက်တိုက် ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်က မက်ဆီသည် တတိယသာရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်လည်း စီရော်နယ်ဒို၏ နောက် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် မက်ဆီသည် Ballon d’Or ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပြီးနောက် ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင်ပါ ဆက်တိုက်ရယူနိုင်ခဲ့ခြင်းဖြစ် သည်။ စီရော်နယ်ဒိုအနေဖြင့်လည်း ၂၀၀၇ ခုနှစ်က ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် Ballon d’Or ဆုကို ရယူနိုင်ခဲ့ပြီးသည်။ ၂၀၁၀ ခုနှစ်တွင် ဆန်ခါတင်စာရင်းတွင် မပါဝင်နိုင်ခဲ့ သော်လည်း ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင် မက်ဆီ၏နောက်ကောက်ချခံရကာ ဒုတိယဖြင့်သာ ကျေနပ်နေခဲ့ရသည်။ ရီဘာရီမှာမူ ယခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင် ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သုံးဦးမှာ ပြီးခဲ့သည့်နှစ်များအတွင်း အောင်မြင်မှုအသီးသီးရယူနိုင်ခဲ့ကြပြီး သက်ဆိုင်ရာအသင်း များကို အကောင်းဆုံးကူညီပံ့ပိုးပေးနိုင်ခဲ့ကြခြင်းကြောင့် နောက်ဆုံးဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်ခဲ့ ကြခြင်းဖြစ်သည်။ မက်ဆီသည် ပြီးခဲ့သည့်နှစ်က ဇန်န၀ါရီလမှ ဧပြီလအထိ ဒဏ်ရာပြဿနာများကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိသော်လည်း နောက်ပိုင်းကာလများတွင် ဘာစီလိုနာအတွက် လိဂ်ဂိုး ၄၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သကဲ့သို့ လာလီဂါချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့သည်။ စီရော်နယ်ဒိုမှာလည်း ရီးယဲလ် နှင့် အတူ မည်သည့်ဆုဖလားမှရယူပေးနိုင်ခြင်းမရှိခဲ့သော်လည်း အသင်းအတွက် အကောင်းဆုံး အထောက် အပံ့ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံအသင်းဖြစ်သည့် ပေါ်တူဂီအသင်းကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ရီဘာရီမှာမူ အအောင်မြင်ဆုံးကစားသမားဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ တစ်နှစ်အတွင်း ဆုဖလားသုံးလုံးရယူရာတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ ၎င်းတို့ သုံးဦးထဲမှ အကောင်းဆုံးကစားသမားရွေးချယ်မှုကို လာမည့်ဇန်န၀ါရီ ၁၃ ရက် တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်၍ ဖီဖာမှ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ၁၁ ဦးစာရင်းအတွက် ရှေ့တန်းကစားသမားများ ကို ထုတ်ပြန်ကြေညာခဲ့ရာ မက်ဆီနှင့် စီရော်နယ်ဒိုတို့မှာ အခြားကစားသမား ၁၃ ဦးနှင့်အတူ ပါဝင်လာခဲ့ သည်။ ၎င်းတို့နှစ်ဦး အပါအ၀င် စပိန်လာလီဂါမှ ကစားသမားလေးဦးအထိ ပါဝင်ခဲ့ပြီး အင်္ဂလန်ပရီးမီး ယားလိဂ်မှလည်း လေးဦးပါဝင်ခဲ့သည်။ ဘွန်ဒစ်လီဂါမှ နှစ်ဦးနှင့် လီဂူး(၁)ပြိုင်ပွဲမှ ကစားသမားသုံးဦး အထိ ပါဝင်ခဲ့ပြီး စီးရီးအေမှ တစ်ဦးနှင့် တူရကီစူပါလိဂ်တွင် ကစားနေသည့် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာတို့လည်း ပါဝင်လာခဲ့သည်။

ထို့အပြင် ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် နောက်ဆုံးဆန်ခါတင်သုံးဦးစာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ရာ မန်ယူအသင်းမှ အနားယူသွားသည့် နည်းပြကြီးဖာဂူဆန်၊ ဘိုင်ယန်မြူးနစ် အသင်းကို ဖလားသုံးလုံးရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဂျပ်ဟေးနက်စ်နှင့် ဒေါ့တ်မွန်အသင်း ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဂျာဂန်ကလော့ပ်တို့ ပါဝင်လာခဲ့သည်။
အောင်သုတ
Mizzima - News in Burmese