Thursday, December 5, 2013

ရွှေရဖို့ မဟုတ်ဘူး၊ မြန်မာကို ကမ္ဘာသိအောင် လုပ်နေတာ

မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် တွေ့ဆုံခြင်း

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာတို့ရဲ့ မူပိုင်အားကစားနည်း ဖြစ်သည့် ရိုးရာခြင်းလုံးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ရလာခဲ့သည်။ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲအား နိုင်ငံတကာ အားကစားဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းသည် လွယ်ကူသော လုပ်ရပ်မဟုတ်ပေ။ ငွေ၊ အချိန်၊ လူအင်အား များစွာ ပေးဆပ်ခဲ့ရသည်။ နိုင်ငံတကာ အားကစား ပြိုင်ပွဲတွင် ပါဝင်ခွင့် ရပြန်တော့ အဆင့်မြင့် ကစားနည်းတစ်ခု ဖြစ်လာရန် ကြိုးပမ်း အားထုတ်ရမည့် ၀န်ထုပ်တစ်ခု ထပ်မံရောက်ရှိလာသည်။ မြန်မာ့ ရိုးရာအားကစားနည်း ဖြစ်စေကာမူ အားကစား အင်အားကြီး နိုင်ငံတို့ ကြီးစိုးမှုက ကာကွယ်ရန် ကစားသမား မျိုးဆက်မပြတ်ဖို့ကလည်း အရေးကြီးလာသည်။ ထိုသို့သော ၀န်ထုပ်များကို ထမ်းပိုး လျက် မြန်မာ့ ရိုးရာခြင်းလုံး ကစားနည်းဖြင့် မြန်မာကို ကမ္ဘာကသိအောင် ကြိုးပမ်းလျောက်လှမ်းနေသည့် သူကို ပြရမည် ဆိုလျင် မြန်မာ့ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်ကလွဲ၍ မည်သူမျှ မရှိ။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းသမိုင်း စာမျက်နှာတွင် ဦးစိုးနိုင်ကို ချန်လှပ်၍ မရ။ ထို့ကြောင့်ပင် မြန်မာ့ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ခဏတာ တွေ့ဆုံ မေးမြန်းခြင်း လုပ်ခဲ့သည်။

မေး -ပထမဆုံး မြန်မာ့ရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တာ ဘယ်လောက်ကြာနေပြီလဲ။ ဘာကြောင့် လုပ်ဖြစ်တယ်ဆိုတာ သိပါရစေ။

ဖြေ -မြန်မာ့ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌလုပ်တာ ၅ နှစ်ရှိပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာ ဘောလုံးပြီးရင် ခြင်းလုံး ကစားတဲ့သူ အများဆုံး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက မြန်မာ့ရိုးရာ ခြင်းလုံး ကစားနည်းက ရှိနေခဲ့တယ်။ ကျွန်တော်တို့ရဲ့ မူပိုင် ကစားနည်းကို နိုင်ငံတကာ အဆင့်ကို ရောက်အောင် ထိုးဖောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်လာခဲ့တာပါ။

မေး -ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ခွင့်ရအောင် ကြိုးပမ်းခဲ့ရပုံ ပြောပြပါဦး။

ဖြေ - ရိုးရာခြင်းလုံးကို ထည့်သွင်းမယ်ဆိုတော့ ပထမဆုံး ပြိုင်ပွဲ ပုံစံ၊ စည်းမျဉ်း စည်းကမ်းတွေ ရေး ဆွဲရတယ်။ အရမ်းခက်ခဲလွန်းရင် ၀င်ပြိုင်တဲ့ နိုင်ငံ မရှိမှာစိုးလို့ အခြေခံ အဆင့်တွေကိုပဲ ရွေးချယ်ခဲ့တယ်။ အားကစား ပြိုင်ပွဲပုံစံ ရေးဆွဲပြီးတော့ ပြိုင်ပွဲဝင် ငါးနိုင်ငံရှိမှ ထည့်သွင်းကျင်းပခွင့် ရှိတာဖြစ်တဲ့အတွက် အာဆီယံ နိုင်ငံတွေကို ငွေကုန် ကြေးကျခံပြီး သွားရောက် မိတ်ဆက်ခဲ့ရတယ်။ မိတ်ဆက်တာ လက်ခံ လာတဲ့ စည်းရုံးပြီးတဲ့အခါ နည်းပညာအကူအညီတွေ ပေးရတယ်။ နည်းပြတွေ လွှတ်ပြီး သွားရောက် လေ့ကျင့်စေခဲ့ရတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းလေ့ကျင့်ဖို့ ဖိတ်ခေါ်ရတယ်။ ဒိုင်လူကြီး သင်တန်း၊ နည်းပြသင်တန်းတွေ ဖွင့်ပေးခဲ့ပါတယ်။

မေး -ဆီးဂိမ်းမှာ ရိုးရာခြင်းလုံးအားကစား ပါဝင်ခွင့်ရအောင် ကြိုးပမ်းတဲ့နေရာမှာ ငွေကြေးများစွာ သုံးစွဲခဲ့ရတယ်ဆိုတော့ ဒီငွေတွေကို ဘယ်ဘတ်ဂျက်နဲ့ သုံးစွဲခဲ့တာလဲ။

ဖြေ -ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ရဲ့ အကူအညီမှ မပါဘဲ အဖွဲ့ချုပ်က ကျခံ သုံးစွဲခဲ့တာပါ။ လက်ရှိ အချိန်အထိ ဘယ်သူမှလည်း ထည့်ဝင်ကူညီတာ မရှိပါဘူး။

မေး -အခု ဆီးဂိမ်းမှာ ပြိုင်ပွဲဝင် နိုင်ငံ ခြောက်နိုင်ငံ ပါဝင်ယှဉ်ပြိုင်ရာမှာ မြန်မာ့ရိုးရာခြင်း လက်ရွေးစင် ကစားသမားတွေက ၄၀ ၀န်းကျင်ဖြစ်နေပြီး ပြိုင်ပွဲဝင် နိုင်ငံတွေက ဆယ်ကျော်သက်တွေ များနေတယ်။ ပြိုင်ပွဲဝင် နိုင်ငံတွေက ကစားသမားတွေ တိုးတက်လာတဲ့အချိန်မှာ လတ်တလော မြန်မာအားကစားအဖွဲ့ အများစု ရင်ဆိုင်နေရတဲ့ မျိုးဆက်ပြတ် ပြဿနာ မပေါ်အောင် ဘယ်လို စီမံထားပါသလဲ။

ဖြေ -အခု ရွာထော်မှာ ဆယ်ကျော်သက် လူငယ် ၂၂၂ယောက်ကို ရိုးရာခြင်း ကစားနည်း လေ့ ကျင့်ပေးနေပါတယ်။ ပိတ်ပွဲမှာ သရုပ်ပြ ကစားပါလိမ့်မယ်။ အချက်ရေ ၅၀၀၊ ၁,၀၀၀ တော့ပြနိုင်ပါတယ်။ အဲဒီထဲက ကစားသမားအချို့က နေရာယူ သွားလိမ့်မယ်။ ခြင်းလုံး သင်တန်းကျောင်း ဖွင့်ဖို့လည်း စီစဉ်နေပါတယ်။

မေး -ခြင်းလုံးသင်တန်းကျောင်းကို ဘယ်တော့လောက် ဖွင့်ဖြစ်မလဲ။ ဘယ်နေရာမှာ ဖွင့်မှာလဲ သိပါရစေ။

ဖြေ -ရန်ကုန်နဲ့ မန္တလေးမှာ အရင်ဆုံး ဖွင့်ဖို့ စီစဉ်ထားတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ခြင်းလုံး သင်တန်းကျောင်းက မန္တလေးမှာ ဖြစ်မှာပါ။ ရန်ကုန်-မန္တလေး အမြန်လမ်းမဘေး၊ မိုင်တိုင် ၃၅၈ မှာ မြေတစ်ဧက ၀ယ်ထားပြီးပါပြီ။ ၂၀၁၄ ခုနှစ် မတ်လလောက်မှာ ကွင်းရိုက်ပြီး ဒီဇင်ဘာလမှာ အပြီး တည်ဆောက်ပါမယ်။

မေး -ရိုးရာခြင်းလုံးအဖွဲ့ချုပ် အနေနဲ့ ပိုင်ဆိုင်ထားတဲ့ ကွင်းရုံ ဘယ်လောက်ရှိပါသလဲ။

ဖြေ -လက်ရှိအချိန်အထိ တစ်ကွင်းမှ မရှိသေးပါဘူး။ ကွင်းပေးဖို့တော့ တင်ပြထားပါတယ်။

မေး -သင်တန်းကျောင်း ဆောက်ပြီးရင် သင်တန်းသား ဘယ်လောက် လက်ခံ လေ့ကျင့်ပေးနိုင်မလဲ။ ဘယ်အသက် အရွယ်တွေကို လက်ခံမှာလဲ။ အစားအသောက်၊ နေထိုင်မှုကို တာဝန်ယူပေးမှာလား။

ဖြေ -ငါးနှစ်ကနေ ၁၀နှစ်အတွင်း တစ်ကြိမ်ခေါ်ရင် အယောက် ၃၀ ခေါ်ပါမယ်။ သင်တန်းကာလ တစ်နှစ်ကြာမယ်။ နေထိုင်၊ စားသောက်မှု ကုန်ကျစရိတ် တာဝန်ယူပေးပါမယ်။

မေး -ကျောင်းနေ အရွယ်ကလေးတွေ ဖြစ်နေတော့ အခြေခံ ပညာရေးကိုရော ဘယ်လို စီမံပေးမလဲ။

ဖြေ -ဒါကို ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်မှာပါ။ ဒီသင်တန်းကျောင်းက အားကစား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ မြန်မာ့ရိုးရာ ခြင်းလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း လုပ်တာပါ။

မေး - သင်တန်းကာလက တစ်နှစ်ဆိုတော့ မနည်းဘူးလား။

ဖြေ - တကယ်ဆို ခြောက်လလောက် လေ့ကျင့် သင်ကြားပေးတာနဲ့ လုံလောက်ပါတယ်။ အခြေခံ အဆင့်က အင်မတန် လွယ်ပါတယ်။

မေး -သင်တန်းကျောင်းဖွင့်ပြီး မျိုးဆက်သစ် ကစားသမားတွေ မွေးထုတ်ပြီးတဲ့အခါ ပြိုင်ပွဲတွေကို ဘယ်လို စီစဉ်ထားပါသလဲ။

ဖြေ - မတ်လ၊ ဇွန်လ၊ အောက်တိုဘာလဆိုပြီး တစ်နှစ်မှာ ပြည်တွင်း ပြိုင်ပွဲ သုံးကြိမ် ကျင်းပသွားမယ်။ ၂၀၁၄ ရောက်ရင် ဧရာဝတီတိုင်းထဲမှာ ကျင်းပသွားဖို့ ရှိတယ်။ ပြီးတော့ မန္တလေး၊ ရွှေဘို၊ ညောင်ဦး၊ မကွေးမှာ ပြိုင်ပွဲကျင်းပဖို့ ရှိပါတယ်။ ပြည်တွင်း ပြိုင်ပွဲအပြင် ပြည်ပ ဖိတ်ခေါ် ပြိုင်ပွဲတွေလည်း ကျင်းပဖို့ စီစဉ်ထားပါတယ်။

မေး -မြန်မာ့ရိုးရာ ခြင်းကစားနည်းက အခြေခံပဲ ရှိသေးတယ်လို့ သိရတယ်။ နောက်ထပ် အဆင့်ဘယ်လောက် ကျန်ပါသေးလဲ။

ဖြေ -အခု အခြေခံအဆင့် လေးဆင့် သတ်မှတ်ပြီး ဆီးဂိမ်းမှာ ထည့်ထားတာ။ နောက်ထပ် အဆင့် (၁၀)ဆင့် ကျန်ပါသေးတယ်။ ပြိုင်ပွဲဝင် နိုင်ငံတွေက လိုက်နိုင်တဲ့အခါ တစ်ဆင့်ပြီး တစ်ဆင့် ပြိုင်ပွဲကို မြှင့်တင်သွားဖို့ ရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်ခွင့်ရနေမယ်ဆိုရင် ငါးကြိမ်လောက် က မြန်မာအတွက် ရွှေသေချာနေတဲ့ ပြိုင်ပွဲပါ။

မေး -ကျန်နေတဲ့ အဆင့် (၁၀)ဆင့်ထိ ပါဝင်လာအောင် ဘယ်လို အစီအစဉ်တွေ ချမှတ် ဆောင်ရွက်ထားပါသလဲ။

ဖြေ -နှစ် ၃၀ စီမံချက် ချမှတ်ထားပါတယ်။ နှစ်,နှစ် တစ်ကြိမ် ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ အမြဲပါဝင်နိုင်အောင် ကြိုးစားမယ်။

မေး -နောက်ဆုံး ရိုးရာခြင်းလုံး ကစားနည်းကို နိုင်ငံတကာက လက်ခံလာအောင် ကြိုးစားခဲ့မှုအတွက် ဘာများ ပြောချင်ပါသလဲ။

ဖြေ -ဒီကနေ့အထိ ငွေကျပ်သိန်းထောင်ပေါင်းများစွာ အကုန်ကျခံပြီး လုပ်နေတာ ရွှေရဖို့ တစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာ့ ရိုးရာ ကစားနည်းကို ထုတ်ဖော်ပြီး ကမ္ဘာမှာ မြန်မာဆိုတာ သိဖို့ လုပ်နေတာပါ။
သိန်းသန်းတိုး
27th SEA Games Daily News