Friday, December 20, 2013

ကမ္ဘာ့ဖလားတွင် ဒိုင်လူကြီးများ ယာယီမှုတ်ဆေးဘူး အသုံးပြုမည်

21 Dec 2013
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)၏ ဥက္ကဋ္ဌဖြစ်သူ ဆပ်ဘလတ္တာက လာမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင် ပွဲကြီးတွင် ပြစ်ဒဏ်ဘော သတ်မှတ်ချက်များအတွက် ယာယီမှုတ်ဆေးဘူးများကို အသုံးပြုသွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။ ပွဲစဉ်အသီးသီးတွင် တာဝန်ယူမည့် ဒိုင်လူကြီးများသည် မှုတ်ဆေး ဘူးငယ်လေးများကို ယူဆောင်ထားရမည်ဖြစ်ပြီး ပြစ်ဒဏ်ဘောကန်သည့်အခါ လူတံတိုင်း သတ်မှတ်ရန် ယင်းဆေးဘူးဖြင့် မျဉ်းသားနိုင်မည် ဖြစ်သည်။ ဘောလုံးတည်မည့်နေရာ၊ ခံစစ်တံတိုင်း ကာရမည့် လမ်းကြောင်းတို့ အားလုံးကို အဆိုပါ မှုတ်ဆေးဖြင့် မှတ်သား နေရာချထားပြီးနောက် (၁)မိနစ်မျှ အကြာတွင် ဆေးပြန်ပျက်သွားမည် ဖြစ်သည်။ ရေဓာတ်ကို အဓိက အခြေခံထားသည့် အဆိုပါ ဆေး ဘူးများကို ကမ္ဘာ့ကလပ်အသင်း ချန်ပီယံများဖလားတွင် အောင်မြင်စွာ စမ်းသပ် အသုံးပြု ထားပြီး ဖြစ်သည်။

ဘရာဇီးလ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားသည် နည်းပညာ အသစ်အဆန်းများ ပေါင်းစပ်လာမည့် အထင်ကရ ပြိုင်ပွဲကြီး ဖြစ်သလို ဂိုးဝင်မဝင် အငြင်းပွားစရာ အခြေအနေများအတွက် ဂိုးလိုင်း နည်းပညာကိုလည်း ထည့်သွင်းတပ်ဆင်မည် ဖြစ်သည်။ ဘလတ္တာက "ဒီနှစ်ခုစလုံးက အသစ်ဖြည့်တင်းမယ့် နည်းပညာတွေပါ။ အသင်းတွေ၊ ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေဆီက အကောင်းမြင် မှတ်ချက်မျိုးတွေလည်း ရထားပါတယ်။ ဆေးဘူးတွေကို လူတော်တော်များများက အထင်တကြီး ဖြစ်သွားတယ်။ ဂိုးလိုင်းနည်းပညာရော၊ ဒီဆေးဘူးတွေကိုပါ ကမ္ဘာ့ဖလားအတွက် ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ယာယီခံ ဆေး ဘူးများကို ဘရာဇီးလ်သား ပက်ဘလို ဆေးလ်ဗားက တီထွင်ခဲ့ပြီး ယခင်က တောင်အမေရိကနှင့် အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲများတွင် အသုံးပြုခဲ့ဖူးသည်။ FIFAက ကြီးမှူးသော ပြိုင်ပွဲအဆင့်တွင်မူ တူရကီ၌ ကျင်းပသည့် အသက်(၂၀)အောက် ကမ္ဘာ့ဖလား၌ စတင်စမ်းသပ်ခဲ့ကြောင်းလည်း သိရှိရသည်။
Planet Myanmar Network