Friday, December 27, 2013

စည်းကမ်းမဲ့ ရပ်နားယာဉ် ၁၅၀၀ကျော် အရေးယူခဲ့ တစ်နေ့ အစီး ၁၀၀ခန့် ဖမ်းဆီးနေရဆဲ

ရန်ကုန်၊ ဒီဇင်ဘာ-၂၆
ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရနေရာများတွင် ရပ်နားထားသည့် စည်းကမ်းမဲ့ ယာဉ်များကို လွန်ခဲ့သော နိုဝင် ဘာ ၁၁ရက်မှ စတင်၍ကရိန်းကားများဖြင့် ဆွဲယူဖမ်းဆီးအရေး ယူလျက်ရှိရာ ဒီဇင်ဘာ ၂၅ရက် အထိယာဉ် စီးရေ ၁၅၀၀ ကျော် ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ဒီဇင်ဘာ ၂၆ရက်၌ စံတော်ချိန်သို့ ပြောဆိုသည်။

" ကျွန်တော်တို့ နိုဝင်ဘာ ၁၁ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ ဖမ်းဆီးအရေးယူခဲ့တဲ့ ယာဉ်အားလုံးပေါင်း ၁၅၉၆ စီးရှိပါပြီ။ဖမ်းဆီးတဲ့ ကားတွေကို စည်ပင်ဥပဒေနဲ့ စည်ပင်(စီမံ)ကနေ ဆက်ပြီးဆောင်ရွက်မှာပါ။ ယာဉ်မရပ်ရနေရာ သတ်မှတ်ပေးထားသော်လည်း အခုထိယာဉ် ရပ်နေကြတုန်းပါပဲ။ စဖမ်းစဉ်က တစ်နေ့ အစီး ၃၀ ပဲ ဖမ်းမိတယ်။ အခု တစ်နေ့ ကို အစီး ၉၀၊ ၁၀၀ လောက်အထိ ဖမ်းနေရတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ယာဉ်မရပ်ရ နေရာတွေမှာမရပ်ဖို့ ပြော ချင်ပါတယ် " ဟု ၎င်းက ပြောဆို သည်။ထိုသို့ ဖမ်းဆီးအရေးယူထားသည့် ယာဉ်များအနက် ယာဉ်စီးရေ ၄၀၀ နီးပါး မှာ ဒဏ်ငွေ လာရောက်
ပေးဆောင်ခြင်း မရှိသေးကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၎င်းကပင် " ဒီရက်ပိုင်းအထိဒဏ်ငွေလာမဆောင်ရသေးတဲ့ ယာဉ်၄၀၀ နီးပါးကျန်သေးတယ်။ သူတို့ဆိုအ ချိန်တစ်ခုအထိ ဒဏ်ငွေမဆောင်ရင်တော့ သူတို့ကားကို အရည်ကျိုစက်ရုံကိုပို့ရမှာပဲ။ များသောအားဖြင့် ဒဏ်ငွေလာ ဆောင်ကြပါတယ် " ဟု ပြောဆိုသည်။

နိုဝင်ဘာ ၁၀ရက်မှ စတင်ပြီးယာဉ်မရပ်ရနေရာ ၃၇ နေရာ သတ်မှတ်ထားပြီး ဒီဇင်ဘာ ၁၂ရက်တွင်ထပ်မံ၍ ယာဉ်မရပ်ရနေရာ ၂၀ ကိုတိုးချဲ့ထားကြောင်း ယခုလက်ရှိတွင်ယာဉ်မရပ်ရသည့် နေရာပေါင်း ၅၇
နေရာရှိပြီး တစ်နေ့ကို ဖမ်းဆီးရေးလေးဖွဲ့မှ ဖမ်းဆီးအရေးယူနေကြောင်း ရဲအုပ်ဇော်မျိုးထွန်း က ပြောဆိုခဲ့သည်။

အဆိုပါ ကားများကို စမ်းချောင်းမြို့နယ် ရှင်စောပုကားဝင်းတွင် ထားရှိကြောင်း စည်ပင်ဥပဒေနှင့် အရေးယူ ရာ၌ ဒဏ်ငွေ နှစ်သောင်းမှ ငါးသိန်းအထိသတ်မှတ်ထားသည့်အပြင် ထောင်ဒဏ် တစ်နှစ်အထိပါ အရေးယူနိဲုင်ကြောင်း သိရသည်။
နန်းလှိုင်
စံတော်ချိန် နေ့စဉ်သတင်းစာ