Tuesday, December 17, 2013

ပျာ သလောက် ဖွဲမထွက်

Tuesday, December 17, 2013
လွန်ခဲ့တဲ့ သုံးလေးလက ပြည်သူလူထုကြားထဲမှာ ဟိုးလေးတကျော်ရေပန်းစားခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမယ့်ကိစ္စဟာ SEA GAME ပွဲတော်ကျင်းပနေချိန်မှာ တစ်စခန်းထလာ ပြန်ပါပြီ။ လွန်ခဲ့တဲ့ သုံးရက်လောက်က ဘားအံဆွေးနွေးပွဲကို ဇန်န၀ါရီလ ကို ပြောင်းရွှေ့လိုက်ပြီလို့ ကြေညာ ခဲ့ပြီး အခု ဒီဇင်ဘာ ၁၅ ရက်နေ့မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအားလုံး SEA GAME ပွဲတော်ဆီ အာရုံရောက်နေချိန်မှာ တစ်နိုင်ငံလုံးအပစ်အ ခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးတာဖြစ်လို့ ရှိရင်းစွဲစိတ်အရင်းခံလေးနဲ့ တစ်ချက်စောင်းငဲ့ကြည့် မိပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် ညမတီနဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့(NCCT)တို့ တွေ့ဆုံဆွေးနွေး ချိန်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်းအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကောက်ခါငင်ကာ တွေ့ဆုံဆွေးနွေးလို့ နှစ်ဖက်သဘောတူညီမှုတွေရပြီလို့ ထင်မိပေမယ့် အဖြေ ထွက်လာတာ က ဘာသဘောတူညီမှုကိုမှ တရားဝင်မထုတ်ပြန်နိုင်ဘဲ နှစ်ဖက်ရေးဆွဲထားတဲ့ မူကြမ်းနှစ်ခုက ၅၀ ရာခိုင်နှုန်း နီးပါး တူညီတယ်လို့ အသံပဲထွက်လာပါတယ်။ ဒါဆိုရင် ကျန်တဲ့ ၅၀ ရာခိုင်နှုန်း ဘယ်တော့တူညီမှာလဲ၊ ညှိနှိုင်း လို့ရမှာလဲ၊ အဖြေထွက်မှာလဲ မေးစရာမေးခွန်းတွေက အများကြီးပါ။

တကယ်တမ်းပြောရရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဟာ ခုလောက်ထိ အချိန်ကြန့်ကြာနေဖို့ အကြောင်း မရှိပါဘူး။ မြန်မြန်ဆန်ဆန် လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ပြည် တွင်းငြိမ်းချမ်းရေးမီးစ ကို ငြိမ်းဖို့ လမ်းစဖြစ်သလို လမ်းဆုံးရောက်အောင် နိုင်ငံရေးဆွေးနွေးပွဲတွေကို လည်း ကျော်လွှားဖြတ်သန်းရဦး မှာ ဖြစ်ပါတယ်။

ဒါပေမယ့် စရုံပဲရှိသေးတယ်။ အဆင်မပြေမှုတွေက များနေတော့ ၂၀၁၃ ကနေ ၂၀၁၄ ဇန်န၀ါရီကို ရောက် သွား ပြီ။ ဆိုလိုတာက ဒီ၂၀၁၃ ခုနှစ်ထဲမှာ ပြီးပြတ်အောင်လုပ်ရမယ့်ကိစ္စပါ။ အောက်တိုဘာကနေစတဲ့ ဇာတ်လမ်း နိုဝင်ဘာ၊ ဒီဇင်ဘာ အထိ ဟုတ်နိုးနိုးနဲ့ နောက်ဆုံး ၂၀၁၄ ကူးသွားပြီ။ အဖြေက ရှင်းနေတာပဲ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ဦးအောင်မင်းကိုယ်တိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို သက်ဆိုင်ရာ ပြည်နယ်ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်လို့ အတိအလင်းပြောကြားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မတင်းတိမ်နိုင်သေးဘဲ ထပ်ပြီးလိုချင်တာတွေ တောင်းဆိုနေ တယ်လို့ ယူဆရပါတယ်။ ဒီအတိုင်း ရှေ့ဆက်သွားရင် ၂၀၁၄ မှာရော ဖြစ်ဖို့ သေချာပါ့မလား မေးစရာပါ။

ဒီမိုကရေစီနိုင်ငံတော်ဆိုပြီး ခေါင်းစဉ်အကြီးကြီးတပ်ထားပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင် ဆင်ရေး အစရှိတဲ့ ခေါင်းစဉ်ငယ်လေးတွေကိုတောင် မဖြေရှင်းနိုင်သေးတာက ပြောစရာဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်ဇာမှာလုပ်ခဲ့တဲ့ ပထမအကြိမ် အပစ်ရပ်ရေးတွေ့ဆုံဆွေးနွေးပွဲအကြိုညီလာခံက သက်သေပြနေ ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်(၁၇)ဖွဲ့တက်ရောက်ခဲ့ပေမယ့် RCSS/SSA အဖွဲ့က သဘောတူလက်မှတ် မထိုးဘူး။ `၀´ နဲ့ NDAA (မိုင်းလား)အဖွဲ့နှစ်ဖွဲ့ဆိုရင် လုံးဝမတက်ရောက်ဘူး။ ဆိုလို တာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအချင်းချင်းကြားမှာလည်း ခေါင်းဆောင်ပိုင်း၊ အာဏာလို ချင် မက်မောမှုတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အင်အားပြသမှုတွေ၊ စီးပွားရေးလွန်ဆွဲမှု၊ စည်းလုံးမှုမရှိတာတွေအပြင် ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်တပ်မတော်၊ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်လိုချင်နေကြတာကို အထင်အရှား တွေ့နေရပါတယ်။

ဒုတိယအကြိမ် အပစ်ရပ်ရေးတွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမှာ ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက် အထိ ကျင်းပမယ်ဆိုပြီး ကြေညာခဲ့တယ်။ `၀´နဲ့ NDAA (မိုင်းလား)အဖွဲ့တွေက တက်ရောက်ဖို့ အဆင် သင့် မဖြစ်သေးဘူးလို့ ပြောလိုက်တာနဲ့ အကြောင်းအမျိုးမျိုးပြပြီး ဒီဇင်ဘာကနေ ဇန်န၀ါရီကိုချက် ချင်း ပြောင်းသွား တော့တာပါပဲ။

ပြည်သူတွေ SEA GAMES ကို စိတ်ဝင်စားနေချိန် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေတစ်ခုထွက်လာမ လားဆိုပြီး နှစ်ဖက်တွေ့ဆုံမှုကို စောင်းငဲ့ကြည့်မိသော်လည်း ပြည်သူတွေလိုလားတောင့်တနေတဲ့ အဖြေ ထွက်မလာ ပါဘူး။ ဒီတော့ ပျာသလောက် ဖွဲမထွက်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလို့ပဲ ပြောလိုက်ချင်ပါတယ်။
နေ၀န်းသစ်
အမေ့အိမ်