Saturday, December 21, 2013

အခြေခံဥပဒေ မပြင်က ၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်မည် ဆိုသည်မှာ သတင်းအမှား

Saturday, December 21, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ပါက ၂၀၁၅ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက် မည်ဆိုသော သတင်းများထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍သတင်းအမှားဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ရှင်းလင်းပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၌ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ဟောပြောခဲ့သည့် အချက်အလက်အချို့ကိုလိုရာဆွဲပြီး ရေးသားလိုက်ခြင်းဖြစ်ကြောင်း ယင်းဟောပြောပွဲတွင်ဟောပြောခဲ့သူ တစ်ဦးဖြစ်သူ ဦးဝင်းမြင့်ကဆိုသည်။

ယခုရက်ပိုင်းတွင် အွန်လိုင်းမီဒီယာအချို့နှင့် ပုံနှိပ်မီဒီယာအချို့တွင် ၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင် ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်မည်၊ ရွေးကောက်ပွဲ မ၀င်ဘူး ဟူသောဖော်ပြချက်များမှာ သာယာဝတီခရိုင်တွင် ဒေါ်အောင်ဆန်းစုကြည်ပြော ကြားချက်များကို အဓိပ္ပာယ်လွဲမှားစေနိုင်သော ဖော်ပြချက်များဖြစ်နေသည်ကို တွေ့ရှိရသည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

၂၀၁၅ရွေးကောက်ပွဲတွင်  ကိုယ့်သိက္ခာကိုယ်တန်ဖိုးထားသူများအနေဖြင့် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ဘဲရွေးကောက်ပွဲမ၀င်သင့်ကြောင်း၊ ရွေးကောက်ပွဲတွင်အထက်စီးယူပြီး ၀င်ပြိုင်မည့်သူများအနေဖြင့်သိက္ခာမရှိကြောင်း၊ မြန်မာနိုင်ငံတွင် မှန်မှန်ကန်ကန်လုပ်ရဲသူများရှိနေသည်ဟု သာယာဝတီခရိုင်တွင် ပြုလုပ်သောဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနှင့်ပတ်သက်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လူထုဟောပြောပွဲ များကိုကျင်းပနေသည်။
7Day Daily