Friday, December 6, 2013

အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်နှင့်ဆက်နွယ်သည့်ရောဂါ ခံစားရသူ ၄၄ သန်းရှိ

06 Dec 2013
ကမ္ဘာတစ်ဝန်းတွင် အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်နှင့်ဆက်နွယ်သော ရောဂါဝေဒနာရှင် အရေအတွက်မှာ ပြီးခဲသည့် သုံးနှစ်အတွင်း ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် လက်ရှိတွင် လူဦးရေ ၄၄ သန်းမှာ အဆိုပါရောဂါများ ခံစားနေရကြောင်း ယနေ့ ထုတ်ပြန်သည့် စစ်တမ်းအစီရင်ခံစာက ဖော်ပြသည်။ ၂၀၅၀ ခုနှစ်အရောက်တွင် ဦးနှောက်နှင့်ဆက်နွယ်သော ရောဂါဝေဒနာ ဖြစ်ပွားသူအရေအတွက်မှာ ၃ ဆမြင့်တက်ကာ ရောဂါခံစားရသူ ကမ္ဘာ့လူဦးရေ ၁၃၅ သန်းအထိ ရှိလာနိုင်ကြောင်း Alzheimer Disease International က ပြုလုပ်သည့် စစ်တမ်းတွင် ခန့်မှန်းပြောကြားထားသည်။ စာရင်းဇယားအသစ်များအရ ၂၀၅၀ ခုနှစ်တွင် အနောက်ဥရောပတွင် နေထိုင်သူ ၁၆ သန်းမှာ ထိုရောဂါခံစားနေရလိမ့်မည်ဟုဆိုသည်။

အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်နှင့်ဆက်နွယ်သည့် ရောဂါမှာ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားနေပြီး ပိုမိုဆိုးရွားလာကြောင်း၊ အနာဂတ်တွင် သက်ကြီးရွယ်အို အရေအတွက် မြင့်တက်လာသည်နှင့်အမျှ ထိုရောဂါ ဖြစ်ပွားမှုမှာလည်း ပိုမိုများပြားလာနိုင်သည်ဟု Alzheimer Disease International အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ မာ့ခ်ဝေါ့တ်မန်းက ပြောကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေဖြင့် ဦးနှောက်နှင်ဆက်နွယ်သော ရောဂါကို အလေးထား ကိုင်တွယ်ဆောင်ရွက် မဖြစ်မနေ လိုအပ်ကြောင်းလည်း​၎င်းက မှတ်ချက်ပြုသည်။ ယခုစစ်တမ်းကို လာမည့်သီတင်းပတ်တွင် လန်ဒန်၌ ကျင်းပရန် စီစဉ်ထားသော ကမ္ဘာ့အင်အားကြီး နိုင်ငံများ တက်ရောက်ကြမည့် G8 ထိပ်သီးအစည်းအဝေး မတိုင်မီ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ဗြိတိန်ကျန်းမာရေးဌာန ဦးနှောက်နှင့်ဆက်နွယ်သော ရောဂါမှာ ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုတစ်ရပ်အဖြစ် ပြောကြားသည်။ G8 နိုင်ငံများ ပူးပေါင်း၍ အဆိုပါရောဂါကို တိုက်ဖျက်သွားရန် စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ လာမည့် သီတင်းပတ်တွင် ကျင်းပမည့် G8 ထိပ်သီးအစည်းအဝေးတွင် အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်နှင့်ဆက်နွယ်သည့်ရောဂါ ကုသမှုနှင့် ကုထုံးများ ပိုမိုထိရောက်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမည်ဖြစ်သည်။
Planet Myanmar Network