Tuesday, December 31, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ၃ ဦး ဒဏ်ရာရ


နေပြည်တော်၊ ဒီဇင်ဘာ ၃၁
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၃/၃-၄)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်း အရ မြို့ချောင်းအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ကျောက်တံခါးမြို့နယ်၊

မိချောင်းအိုင်ရွာနေ အောင်လွင်(၃၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မဇာဇာဝင်း(၂၈)နှစ်နှင့် မန်ကျည်းပင်ရွာနေ မင်းဘုန်းခန့်(၇)နှစ်တို့လိုက်ပါလာသော ဖီလင်-၁၁၀ အနက်ရောင်ဆိုင်ကယ်မှာ အမြန်လမ်းအရှေ့ဘက်မှ အနောက်ဘက်သို့ လမ်းလယ်ကျွန်း လမ်းပြတ်မှ ဖြတ်သန်းမောင်းနှင် စဉ် နေပြည်တော်မှ ရန်ကုန်သို့ လမ်းမှန်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ဦးကျော်နိုင်(၅၃)နှစ် မောင်းနှင်လာသော ၅ဃ/××××× ဆူဇူကီးဆွစ်ငွေမင်ရောင် ယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် အောင်သူတွင် ယာခြေဖဝါး စုတ်ပြဲ၊ ဝဲ/ယာဒူးခေါင်းပွန်းပဲ့၊ ရင်ဘတ်အောင့်ဒဏ်ရာ၊ မဇာဇာဝင်းတွင် နောက်ကျော^ခါးနာကျင်၊ ယာလက်ခုံပွန်းပဲ့ဒဏ်ရာနှင့် မင်းဘုန်းခန့်တွင် ဦးခေါင်း ချိုစောင်းပေါက်ပြဲ၊ ယာတံတောင်ဆစ်/ ယာလက်မောင်း/ ယာလက်ခုံ/ ခါးပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဖြူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ၅ဃ/××××× ယာဉ်တွင် တိုက်ရော့ပြုတ်၊ ရှေ့ဘန်ကာပိန်ချိုင့် ပျက်စီး၊ ရှေ့ဝဲမီးခွက်ကွဲ၊ ရှေ့ဝဲဘက်တံခါးပိန်ချိုင့်၍ တန်ဘိုးငွေကျပ် (၁၅)သိန်းခန့်နှင့် ဆိုင်ကယ် တွင် ရှေ့ယာဘက်ဒူးကာကွဲ၊ ယာဘက်ခြမ်းဘေးကာ ပျက်စီးကာ တန်ဘိုးငွေကျပ် (၂)သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမပေါ် ဖြတ်သန်းမောင်းနှင်ခွင့် မရှိသော ဆိုင်ကယ်ကို မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်သူ အောင်လွင်အား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar