Monday, December 30, 2013

အကာအရံမရှိသော ကျောင်းတွင် စာသင်ရ၍ ကျောင်းသားကများ ကျန်းမာရေးချို့တဲ့မှုများနေ

လားရှိုး၊ ဒီဇင်ဘာ ၃၀။
လားရှိုးမြို့နယ် မန်းပွဲကျေးရွာအုပ်စု ခိုက်တွေကျေးရွာရှိ အမှတ်(၂)အခြေခံပညာ မူလတန်း(တွဲဖက်)ကျောင်းတွင် စာသင်နေကြသောကျောင်းသူ၊ ကျောင်းသားများသည် အကာအရံမရှိသောကျောင်းတွင် စာသင်ကြားနေရသောကြောင့် ကျန်းမာရေးချို့တဲ့မှုများ မကြာခဏဖြစ်နေလေ့ရှိကြောင်း ဆရာမတစ်ဦးထံမှ သိရသည်။

“ကျောင်းရဲ့အကာအရံကလဲ ၀ါးကတ်တွေနဲ့ ကာထားရတာဆိုတော့လေ ဒဏ်မိုးဒဏ်ကို ကလေးတွေ ခဏခဏ ခံရပြီး ကျန်းမာရေးမကောင်းဖြစ်ကြတယ် ဒီနှစ်ဆောင်းတွင်းမှာလဲ အအေးလွန်ကဲတဲ့ဒဏ် ကို ကျောင်းသားလေးတွေခံခဲ့ရလို့ ကျန်းမာရေးချို့တဲ့ကုန်ကြတယ်၊ မိုးတွင်းကြတော့လဲတခါတလေ မိုးများတဲ့နေတွေဆိုရင် မိုးပက်လို့ စာသင်လို့တောင်မရဘူး။ ကျောင်းရဲ့အကာအရံတွေလုံခြုံဖို့ အတွက် သက်ဆိုင်ရာပညာရေးဌာနနဲ့ အရပ်ဖက်အဖွဲ့အစည်း တစ်ခုခုက ဒီကျောင်းလေးကို လာပြုပြင်ပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်”ဟု ခိုက်တွေကျောင်းဆရာမတစ်ဦးက ပြောသည်။

ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက “ကျွန်တော်တို့ရွာနဲ့ အနီးဆုံးမူလတန်းကျောင်းကရွာနဲ့ လေး မိုင်ကျော်လောက်ဝေး လို့ ကလေးတွေရဲ့ သွားရေးလာရေးအတွက် အခက်အခဲပြေလည်အောင် ဒီကျောင်းလေးကို ကိုယ်ထူကိုယ်ထတည် ဆောက်ခဲ့ကြရတာပါ။ တည်ဆောက်ခါစက ရွာရဲ့ရံပုံငွေနဲ့ ဆရာမငှားပြီး ကလေးတွေရဲ့ ပညာရေးကိုတိုးတက် အောင်ခက်ခက်ခဲခဲ ရပ်တည်လာခဲ့ကြရတာပါ။ အခုမှ တရားဝင်တွဲဖက် မူလတန်းကျောင်းအဖြစ် အသိအမှတ် ပြုခံရတာ သိပ်မကြာသေးလို့ ကျောင်းဆောင်သစ် ထပ်မံတိုးချဲ့ပေးဖို့ဆိုတာကလည်း သက်ဆိုင်ရာရွာလူကြီး တွေက အထက်ကို တင်ပြပေးဖို့ မဖြစ်နိုင်သေး ဘူးလို့ ပြောနေကြတယ်။ ဒီရွာမှာရှိတဲ့ကလေးတွေရဲ့ ပညာရေး အနာဂတ် ကောင်းမွန်ဖို့ရှေ့ရှုပြီး အစိုးရက ပဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းကပဲဖြစ်ဖြစ် ကျွန်တော်တို့ကျောင်းလေး မှာရှိတဲ့ ကျောင်းသားသုံး ဆယ်ကျော်ရဲ့ ပညာရေးကိုထောက်ထားပြီး မိုးလုံလေးလုံ ကျောင်းလေးတစ်ကျောင်း လာဆောက်ပေးနိုင် တဲ့သူရှိရင် တစ်ရွာလုံးက ၀မ်းသာနေကြမှာပါ”ဟု ပြောသည်။

ခိုက်တွေတွဲဖက်မူလတန်းကျောင်းသည် လားရှိုးမန်းလေးသွား ရထားလမ်းဘေးရှိ ရှန်ခိုက်ဘူ တာနှင့် လေးမိုင်ကျော်ခန့်အကွာတွင် တည်ရှိသော ပလောင်တိုင်းရင်းသားများနေထိုင်သည့် ခိုက်တွေရွာတွင်ရှိပြီး တွဲဖက်မူလတန်းကျောင်းအဖြစ်ကိုယ်ထူကိုယ်ထရပ်တည်လာခဲ့သည်မှာ (၇)နှစ်ကျော်ခန့်ရှိနေပြီဖြစ်သော ကြောင့် လားရှိုးမြို့နှင့် (၁၆)မိုင်ခန့်ဝေးသော လူသူအရောက်အပေါက် နည်းသည့် ပလောင်ကျောင်းသားလေးများ၏ စာသင်ကျောင်းကို မိုးလုံလေးလုံစာသင်ကျောင်းလေးအဖြစ် ရွာသူရွာသားအားလုံးက မျှော်လင့် နေကြောင်း သိရသည်။
တင်ဦး(စောထ)
မြန်မာ့ခေတ်