Friday, December 6, 2013

မွတ်ဆလင်နှင့် ခရစ်ယာန် စစ်သွေးကြွးများကြား တိုက်ခိုက်မှုများ ပြင်းထန်

06 Dec 2013
အလယ်ပိုင်းအာဖရိက ပြည်ထောင်စု နိုင်ငံတွင် မွတ်ဆလင်နှင့် ခရစ်ယာန် စစ်သွေးကြွများကြား အပြင်းအ ထန် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ကြာသပတေးနေ့ တစ်နေ့တည်းတွင် ပင် နိုင်ငံ၏မြို့တော် ဘန်ဂူအီရှိ လမ်းမများပေါ်တွင် လူပေါင်းရာနှင့်ချီ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း သတင်းများက ဆိုသည်။ လတ်တလောတွင် ကုလသမဂ္ဂသည် ပြင်သစ်နှင့် အာဖရိက တပ်ဖွဲ့များကို အလယ်ပိုင်း အာဖရိက ပြည်ထောင်စု နိုင်ငံသို့ တိုးမြှင့်စေလွှတ်၍ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု များ ဆောင်ရွက်ရန် စီစဉ်နေသည်။ လတ်တလောတွင် ပြင်သစ်တပ်ဖွဲ့များက မြို့ထဲတွင် ကင်းလှည့် တာဝန်ကို ရယူထားကြောင်း သိရှိရသည်။ မတ်လက အာဏာသိမ်းမှု ဖြစ်ပွားသည့်နောက်ပိုင်း ယခုပြဿနာသည် အလယ်ပိုင်း အာဖရိက ပြည်ထောင်စုတွင် အဆိုးရွားဆုံး ပဋိပက္ခလည်း ဖြစ်လာခဲ့သည်။

လမ်းများပေါ်တွင် မွတ်ဆလင်နှင့် ခရစ်ယာန် စစ်သွေးကြွတို့ အပြန်အလှန် တိုက်ခိုက်ရင်း အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးအသွင် ဆောင်လာကြောင်း မျက်မြင်များက ဆိုသည်။ ၎င်းတို့သည် အဓိကလက်နက်အဖြစ် မြက်ခုတ်ဓားနှင့် သားလှီးဓားများကို အသုံးပြု သတ်ဖြတ်ကြကြောင်း လည်း ဒေသခံများက ပြောကြားခဲ့သည်။ "သေနတ်သံတွေလည်း ကြားရပါတယ်။ အားလုံးက အိမ်ထဲမှာ ဝပ်နေကြတယ်။ အပြင်ကို ထွက်ဖို့ဆိုတာက အန္တရာယ် များလွန်းတယ်လေ"ဟု ဘန်ဂူအီရှိ ကက်သလစ် သာသနာပြု တစ်ဦးဖြစ်သော ရင်းန်လမ်းဘတ်က emailဖြင့် ဆက်သွယ်ကာ ဝါရှင်တန်ပို့စ်သို့ သတင်းပေးခဲ့သည်။

မြို့တော်၏ ရင်ခွဲရုံ အလုပ်သမားများက အနည်းဆုံး ရုပ်အလောင်း (၅၀)မျှကို ကြာသပတေးနေ့ တစ်ရက်တည်းတွင် လက်ခံရရှိခဲ့ကြောင်းလည်း ဆိုသည်။ အလယ်ပိုင်း အာဖရိက ပြည်ထောင်စု နိုင်ငံသည် လူဦးရေ (၅)သန်းမျှသာရှိသော ကုန်းပိတ်နိုင်ငံလေးတစ်ခု ဖြစ်ပြီး (၁၉၆၀)ပြည့်နှစ် လွတ်လပ်ရေး ရပြီးကတည်းက သူပုန်ထမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ကြုံတွေ့ ဖြတ်သန်းနေခဲ့ရသည်။
Planet Myanmar Network