Sunday, December 8, 2013

သေနတ်အောက်ကမြို့

Sunday, 08 December 2013
‘တားမြစ်နယ်မြေ၊ တာဝန်မှအပ မဝင်ရ၊ သေနတ်ဖြင့် ပစ်ခတ်ခံရမည်’ ဟူသည့် စာသားများပါသော ဆိုင်းဘုတ်ကလေး များကို ခပ်စိပ်စိပ် တွေ့ရသောအခါ ရန်ကုန်မှ လိုက်ပါလာသည့် သတင်းသမား မှာ ကျောချမ်းလျက် ရှိသည်။ လှမ်းလက် စခြေလှမ်းများပင် တုံ့ဆိုင်း သွားသည်ဟု ဆိုသည်။ ယင်းမှာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ချောက်မြို့ကလေးတွင် အမြင်စိမ်းသော ဧည့်စိမ်းများအတွက် ကျောချမ်းဖွယ်ရာ နွေးထွေးသော ကြိုဆိုမှုတစ်ခုပင် ဖြစ်သည်။


“သေနတ်နဲ့ ပစ်မယ်ဆိုတာ ခြေလှမ်း ဆယ်လှမ်းတိုင်းလောက်မှာ စိုက်ထားတယ်နော်” ဟု ဓာတ်ပုံ သတင်းထောက်တစ်ဦးက တိုးတိုးလျလျ မှတ်ချက်ပြုသည်။ ချောက်မြို့နှင့် မစိမ်းလှသော ကျွန်တော်မှာ ပြုံးစိစိ လုပ်လျက် “ရေနံချောင်းနဲ့ ချောက်က သေနတ်အောက်က မြို့တွေဗျ” ဟု စနောက်လိုက်သည်။ ကျွန်တော်တို့ သတင်းအဖွဲ့မှာ ရေနံလုပ်သား ခေါင်းဆောင်ကြီး သခင်ဖိုးလှကြီး၏ ပုံတူကြေးရုပ် ကို စောင့်ကြို ဓာတ်ပုံရိုက်ရန်နှင့် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနား ကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုများကို မေးမြန်းရန် ချောက်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

၁၃၀၀ ပြည့် အရေးတော်ပုံ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး အရေးတော်ပုံကြီး ဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံကို ကျွန်ပြုထားသော အင်္ဂလိပ် အစိုးရကို သပိတ်မှောက် ဆန္ဒပြရန် တောင်သူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားစသော အဖွဲ့အစည်း အသီးသီးသည် အထွေထွေ သပိတ်ကြီးအ သွင် ပေါင်းစီးခဲ့ကြသည်။ ယင်းအဖွဲ့အစည်း များအနက် ချောက်လမ်းရွာ ရေနံမြေမှ ရေနံမြေ လုပ်သားများ ကို ရေနံမြေ လုပ်သားခေါင်းဆောင် သခင်ဖိုးလှကြီးက ဦးဆောင်ပြီး ချောက်၊ ရေနံချောင်း၊ မကွေးမြို့တို့ ကို ဖြတ်ကာ ရန်ကုန်အထိ ချီတက်စေခဲ့သည်။ ထိုစဉ်က ရေနံမြေ လုပ်သားများမှာ ၎င်းတို့၏ အခွင့်အရေး များကို လျစ်လျူရှုထားပြီး ရေနံမြေ တစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားသော နိုင်ငံခြားသားပိုင် ဘီအိုစီ ကုမ္ပဏီကို ဒေါကန်လျက် ရှိသည်။

သို့နှင့် သမိုင်းကို စဉ်းစားလိုက်၊ တွေ့သမျှ ဓါတ်ပုံရိုက်လိုက်ဖြင့် လမ်းလျှောက်လာရာ မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ ဌာနခွဲများ ဖြစ်သော ပစ္စည်းစီမံဌာန၊ ပင်မစက်မှုအလုပ် ရုံ၊ ဆောက်လုပ်ရေးဌာန၊ အထွေထွေ စီမံခန့်ခွဲရေးရုံး၊ ရေနံချက် စက်ရုံများနှင့် ဂါလန်ပေါင်း ကိုးသိန်းကျော်ခန့် ဆံ့သော ရေနံ လှောင်ကန်ကြီးများကိုပင် ကျော်လာပြီ ဖြစ်သည်။ ဌာန တစ်ခုတိုင်းတွင် လည်း ‘သေနတ်ဖြင့် ပစ်ခတ်ခံရမည်’ ဆိုသော ဆိုင်းဘုတ်များကို အခိုင်အမာ စိုက်ထူ ထားသည်။ ယင်းဆိုင်းဘုတ်များ အတိုင်းသာ အတိအကျ ပိုင်းခြားပါက လူနေအိမ်ခြေ ဆောက်ထားသော နေရာ များမှအပ ကျန်မြေလွတ်များမှာ မြို့၏ တားမြစ်နယ်မြေဟု ဆိုရမည်သာ။

တစ်နေရာ အရောက်တွင် ရေနံမြေ အလုပ်သမားများ အပန်းဖြေရိပ်သာကို တွေ့ရသည်။ ယင်းဆိုင်းဘုတ်ကို တွေ့သည့်အခါ သမိုင်းအတွေးက တစ်ကျော့ ဝင်လာပြန်သည်။ ယင်းရိပ်သာမှာ အင်္ဂလိပ်အစိုးရ လက်ထက်တွင် ‘မျက်နှာဖြူကလွဲပြီး အခြားသူမဝင်ရ’ ဟူသော ဆိုင်းဘုတ်ကလေး စိုက်ထူထားပြီး အရက်သောက်၊ ရေကူး၊ ဘိလိယက် ထိုးရန်အတွက် အင်္ဂလိပ် လူမျိုးများသာ တသီးတသန့် ဆုံဆည်းလေ့ရှိသော ကလပ်တစ်ခု ဖြစ်သည်ဟု သမိုင်းမှတ်တမ်း များတွင် ဖတ်ရသည်။

ယခုအခါတွင်မူ ယူနီဖောင်း အပြာရောင်ဝတ် မြန်မာရေနံ လုပ်သားများ၊ ဘောင်းဘီနှင့် အင်္ကျီ တစ်ဆက်တစ်စပ်တည်း ချုပ်ထားသည့် လိမ္မော်ရောင် ယူနီဖောင်း ဝတ်ဆင်ထားသော မြန်မာရေနံ လုပ်သားများ ဝင်ထွက် သွားလာလျက် ရှိသည်။ အပြာဝတ်များမှာ အစိုးရ ဝန်ထမ်းများ ဖြစ်ပြီး လိမ္မော်ရောင် ဝတ်ဆင်ထား သူများမှာ ပုဂ္ဂလိက ရေနံကုမ္ပဏီ တစ်ခုဖြစ်သည့် Goldpetrol ၏ ဝန်ထမ်းများ ဖြစ်သည်။

အပန်းဖြေ ရိပ်သာကို လွန်သောအခါ လမ်းဘေး ထမင်းဆိုင်ငယ်လေးတွင် ဝိုင်းဖွဲ့ကာ မနက်စာ စားနေသော လိမ္မော်ရောင်ဝတ် ရေနံလုပ်သား လေးငါးယောက်ခန့်ကို တွေ့ရသည်။ ဓာတ်ပုံ သတင်းထောက်တစ်ဦးက ကွမ်းငတ်လာပုံ ရသည်။ ထမင်းဆိုင်ဘေးရှိ ကွမ်းယာဆိုင်သို့ ဝင်သောအခါ ကျွန်တော်လည်း နောက်က ကပ်လိုက်သွားသည်။ အသက် လေးဆယ်ကျော်ခန့် ဒေသခံတစ်ဦးနှင့် စကားရောရင်း ရေနံမြေ လုပ်သားများ၏ လစာကို စပ်စုရသည်။ လုပ်သားများမှာ ဝင်စကာလတွင် တစ်လလျှင် လေးသောင်းခွဲမျှသာ ရသည်ဟု ဆိုသည်။ ထို့နောက်မှ လစာတိုးရင်းတိုးရင်း ခြောက်သောင်း ခွဲ၊ တစ်သိန်းမျှ ရလေရာ လစာမှာ လွန်စွာ နိမ့်ပါးလှကြောင်း၊ လစာနည်းသော်လည်း အလုပ်ရှားသဖြင့် ရရာအလုပ်ကိုသာ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

မြို့ပြင်ဘက် ခပ်လှမ်းလှမ်းအထိ လမ်းလျှောက်ရင်း ဓါတ်ပုံများ အားပါးတရ ရိုက်ယူပြီးသောအခါ သခင်ဖိုးလှကြီး ကြေးရုပ် ထားရှိမည့် အလုပ်သမား မေဒေး ကျောက်တိုင်သို့ ပြန်လာခဲ့သည်။ ကျောက် တိုင်သို့ မရောက်မီ ခပ်လှမ်းလှမ်းကပင် ‘တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ’ ဆိုသော တို့ဗမာ အစည်းအရုံးဝင် သခင်များ၏ အသည်းစွဲ သီချင်းသံကို ကြားရသည်။ ရှေးတွင်မူ ဆိုင်ကယ်အစီး ၅၀ ခန့်၊ ဆိုင်ကယ်တိုင်းတွင် တူတံစဉ် တံဆိပ်ရိုက်ထားသော အလံနီလေးများ ကိုယ်စီ စိုက်ထူထားသည်။ ဆိုင်ကယ်များ နောက်တွင် မင်္ဂလာစည်တော်၏ စည်းချက်နှင့်အညီ ညင်သာနုရွ သောဟန်ပန်ဖြင့် ဘယ်ခုန်ညာပေါက် လှုပ်ရှားနေသော ပုဏ္ဏားတစ်ဦး။ ယင်းပုဏ္ဏားမှာ မည်းသော မျက်နှာတွင် မိတ်ကပ် လူးထားသဖြင့် ပြာဟောက်ဟောက် ဖြစ်နေရာ နဖူးထုံးသုံးရစ်နှင့် ပါးတစ်ဖက် ထုံးနှစ်ရစ်တို့ကာ အပြာပေါ် အဖြူဆင့်ကာ ပလဲနံပမသင့် ဖြစ်နေရှာသည်။

မင်္ဂလာ စည်တော်ဝိုင်း နောက်တွင်မူ ရေနံမြေ လုပ်သားဟောင်းကြီးများ ဝန်းရံထားသည့် သခင်ဖိုးလှကြီး၏ ပုံတူ ကြေးရုပ်တုကြီးကို တွေ့ရသည်။ လမ်းဘေးတစ်ဖက် တစ်ချက်စီတွင်မူ တုတ်ဖြင့် ထိုးခံရသော ပုရွက်အုံကဲ့သို့ လူအုပ်ကြီးက ရွစိတက်လျက် ရှိသည်။


ယင်း လူရေစီးကြောင်းကြီးသည် မြို့ကို ခဏတာမျှ လှည့်ပတ်ပြီးနောက် ကျောက်တိုင်ဆီသို့ ပြန်လာ ကြသည်။ ကျောက်တိုင်သို့ အားလုံး ရောက်သောအခါ ကြေးရုပ်ထုကို ကျောက်တိုင် ဘေးနားတွင် အသစ်ဆောက်ထားသည့် ကျောက်တိုင်ထိပ်၌ တင်ဖို့ ကြိုးပမ်းရသည်။ ဤတွင် ပိဿာချိန် နှစ် ရာကျော် လေးသော ကြေးရုပ်ကို တင်ရန် အတော်လေး အချိန်ပေးကာ ကြိုးပမ်းလိုက်ရ သည်။ ကြေးရုပ်ကို ရွှေ့ရန် လူအားဖြင့် မရသဖြင့် ကရိန်းအားဖြင့် မရသည်။ ထိုစဉ်မှာပင် ကြေးရုပ်ကို စံပယ်ကုံးများ လာစွပ်သူက စွပ်သည်။ အဆုံးတွင် ကရိန်းအားဖြင့်မ သောအခါ သခင်ဖိုးလှကြီးသည် အသာတကြည်ကြွပြီး အရှေ့ဘက်သို့ မျက်နှာမူကာ ကျောက်တိုင်ထိပ်၌ စံမြန်းရှာလေသည်။

သခင်ဖိုးလှကြီးကို နေရာချပြီးသောအခါ သတင်းစာရှင်းလင်းပွဲ စတင်လေသည်။ ကော်မတီ အဖွဲ့ဝင်များက ယင်းပွဲ ဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းက မည်ကဲ့သို့ ကူညီခဲ့ပုံ၊ ဇေကမ္ဘာ ဦးခင်ရွှေက ဝေဿန္တရာ့ ထုံးနှလုံးမူကာ ရက်ရောစွာ လှူဒါန်းခဲ့ပုံ၊ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့၌ စည်စည်ကားကား ကျင်းပနိုင်ရန် မည်ပုံ စီစဉ်ထားပုံ ပဏာမ ပျိုးလေသည်။ အတော်လေးကြာမှ မေးလိုသည့် မေးခွန်းမေးကြပါဟု သတင်းသမားများထံ မိုက်ကရိုဖုန်း လှည့်တော့သည်။

ရှေ့ပိုင်း သတင်းသမားတစ်ယောက်၊ နှစ်ယောက်က ကြေးရုပ်က ပိဿာချိန် ဘယ်လောက် လေးပါသ လဲ၊ ငွေဘယ်လောက် ကုန်ပါသလဲ စသဖြင့် မေးမြန်းပြီးသောအခါ ကျွန်တော် ထမေးသည်။
လက်ရှိ ကော်မတီက အခမ်းအနား ပြီးမြောက် သွားသောအခါ လက်ရှိ ရေနံလုပ်သားများ အခွင့်အရေး အတွက် နောက်ပိုင်းတွင် မည်သည့် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ပါမည်နည်း။ အခမ်းအနားမှူး ခဏငြိမ်သွားသည်။ နောက်တော့မှ ဥက္ကဋ္ဌကြီးက ထလာပြီး ကော်မတီမှာ အခမ်းအနား ဖြစ်မြောက်ရေးနှင့် သမိုင်းအမွေကို လက်ဆင့်ကမ်း ပေးရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပြီး လက်ရှိ ရေနံလုပ်သား အခွင့်အရေးအတွက်မူ ကော်မတီ၏ လုပ်ငန်းစဉ် ဇယား၌ မပါရှိကြောင်းဖြင့် အဖြေပိတ်လေသည်။ သို့နှင့် မိုက်ကရိုဖုန်းသည် သတင်းသမား တစ်ယောက်ထံ လှည့်သည်။

ကျွန်တော်မှာ မရိုးမရွ ဖြစ်နေသည်။ မေးစရာတစ်ခု ရှိသေးသည်။ သို့သော် သတင်းတိုက် တစ်ခုတည်း က နှစ်ခါထမေးပါက တစ်ကိုယ်ကောင်းဆန်ရာ ကျမည်စိုး၍ ကျွန်တော် မေးလိုသော မေးခွန်းကို မိတ်ဆွေ သတင်းသမား တစ်ဦးထံ အကူအညီ တောင်းခံကာ မေးမြန်းစေသည်။ မိတ်ဆွေ သတင်းထောက်က မိုက်ကရိုဖုန်းကို ကိုင်ပြီး ရေနံချောင်းနှင့် ချောက်မြို့ရှိ ရေနံ တူးဖော်ခွင့် အများစုကို Goldpetrol ကုမ္ပဏီက ရရှိထားသည်ဟု သိရပါကြောင်း၊ ယင်းကုမ္ပဏီက ယခု အခမ်းအနားအတွက် မည်မျှ ကူညီပေးသည်ကို သိလိုပါကြောင်း မေးလေသည်။ ဥက္ကဋ္ဌကြီးပင် ထဖြေပြန်သည်။ Goldpetrol ကုမ္ပဏီက ကော်မတီကို များစွာ ကူညီပါကြောင်း၊ ယခုအခမ်းအနား အတွက် ငွေကျပ်ဆယ်သိန်းအထိ ထည့်ဝင်ထားပါကြောင်း အားပါးတရ ဖြေဆိုသွားသည်။

ဥက္ကဋ္ဌ အဖြေဆုံးသောအခါ ကျွန်တော်လည်း စဉ်းစားခန်း ဝင်နေလိုက်သည်။ ချောက်တွင် ရေနံတွင်း တစ်တွင်းတည်းက တစ်ရက်လျှင် ရေနံစိမ်းစည် ၇၂ စည်ခန့် ထွက်သော တွင်းမျိုး တွေ့ခဲ့ရသည်။ ယင်းကဲ့သို့ တွင်းပေါင်း ချောက်လမ်းရွာ ရေနံမြေနှင့် ရေနံချောင်း ရေနံမြေ ပေါင်းလိုက်လျှင် ထောင်ချီသောင်းချီ ရှိပေမည်။ ယခုခေတ် ကမ္ဘာ့ ရေနံပေါက်ဈေးမှာ ရေနံစိမ်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၁၀ ဝန်းကျင်တွင် ပြေးနေသည်။ တိုက်ဆိုင်စွာပင် ယင်း ၁၃၀၀ ပြည့်အခမ်းအနား သတင်းစာ ရှင်းလင်းပွဲနေ့မှာပင် ချောက်ရေနံမြေ တစ်ခုလုံးပေါင်း ရေနံစိမ်းစည်ရေ ၁၃၀၀ ထွက်သည်ဟု ဆိုသည်။ သို့အတိုင်းသာ မှန်ပါက ယင်းရေနံစိမ်းများမှာ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိသည်။ ဤပမာဏသည်ပင်လျှင် တစ်နေ့တာ အထွက်နှုန်းပင် ရှိသေးသည်။ Goldpetrol ကုမ္ပဏီမှာ မူ ရေနံချောင်းနှင့် ချောက်မြို့၌ ရေနံထုတ်နေသည်မှာ ကျွန်တော့်အသက် ထက်ပင် ကြီးမည်ထင်သည်။ သို့ဖြစ်ရာ နှစ်ကာလ တာရှည်စွာ ရေနံထုတ်နေသော ကုမ္ပဏီကြီး တစ်ခုက ရေနံလုပ်သား သပိတ်နှင့် ရေနံလုပ်သား ခေါင်းဆောင်ကြီး သခင်ဖိုးလှကြီး တို့ကို အမှတ်တရ ကျင်းပသည့် အခမ်းအနားအတွက် ငွေကျပ်ဆယ်သိန်းကြီးကို သဒ္ဓါပေါက်ကာ အလှူရောက်သည်ဟု ဆိုသောအခါ ကျွန်တော်မှာ ကြီးစွာ အံ့အားသင့်မိသည်။

သို့နှင့် မေးချင်တာ မေးမြန်းပြီးသောအခါ အခမ်းအနားမှ ခွာလာခဲ့သည်။ အခမ်းအနား၏ နောက်ဘက် တွင် ရေနံဆေးရုံတစ်ခု ကပ်လျက်ရှိသည်။ ရေနံလုပ်သားများနှင့် မိသားစုဝင်များကို ကျန်း မာရေး စောင့်ရှောက်မှု ပေးရန်အတွက် ဘီအိုစီ ကုမ္ပဏီ လက်ထက်ကတိုင် တည်ဆောက် ထားသော ဆေးရုံ ဖြစ်သည်။ ဆေးရုံတွင်းသို့ ဝင်သွားသောအခါ သူနာပြု တစ်ယောက်နှစ်ယောက် ကို တွေ့ရသည်။ လူနာခုတင် များတွင်မူ အများစုမှာ လစ်လျက်နေပြီး လူနာ လေးငါးယောက်ခန့်သာ ဟိုတစ်ကွက် ဒီတစ်ကွက် လဲလျောင်းလျက် ရှိလေသည်။ လူနာစောင့် အနားသို့ အသာကပ်ကာ ဆေးရုံ၏ ဝန်ဆောင်မှုကို မေးကြည့်သည်။ ဆေးရုံသို့ လာရောက် ကုသသော လူနာများသည် လိုအပ်သောဆေးကို အပြင်ဆေးဆိုင် များသို့ သွားရောက် ဝယ်ယူရပြီး ဆရာဝန်နှင့် သူနာပြုများက ကုသပေးသည်ဟု ဆိုသည်။ ရေနံမြေ လုပ်သားကော အပြင်လူနာကော ထိုနည်းတူစွာပင် ဆေးရုံက ကုသရုံ ကုသပေးသည့် ဝန်ဆောင်မှုကိုသာ ပေးသည်ဟု ဆိုသည်။ ထိုလူ လိမ်လည် ပြောမည်စိုး၍ ကုတင်ပေါ် လဲလျောင်းနေသည့် လူနာတစ်ယောက် အနားသို့ကပ်ကာ မေးမြန်းကြည့်သေးသည်။ ထိုနည်းတူပင် ဖြေဆိုသည်။

ထိုသို့ မေးမြန်းနေစဉ်မှာပင် သူနာပြုများ အပါအဝင် လူငါးယောက်ခန့် ရောက်ရှိလာပြီး ဆေးရုံ တာဝန်ခံ ဆရာကြီး၏ ခွင့်ပြုချက်ကို ရယူရန် ပြောသည်။ သို့ကြောင့် တာဝန်ခံ ဆရာဝန်ကြီးထံ သွားသည်။ ဆရာကြီး ကို အင်တာဗျူးခွင့် တောင်းသည်။ ဆရာကြီးက ဆေးရုံအတွက် လူမှုဖူလုံရေးက ခြောက်လတစ်ကြိမ် ဆေး ဝါးများ ထုတ်ပေးကြောင်း၊ လိုအပ်သော ဆေးဝါးကို MOGE စီမံဌာနထံ ငွေကြေး တောင်းခံကာ ဝယ်ယူ ရကြောင်း၊ MOGE ကလည်း ဆေးရုံအတွက် တစ်လလျှင် တစ်သိန်း ခြောက်သောင်းကျပ် ငွေ ချပေးကြောင်း၊ ဆေးရုံအတွက် Goldpetrol က ငွေကျပ်သိန်းတစ်ရာ မတည်ကာ ဘဏ်တွင် ငွေ အပ်ထားပေးမည့် အစီအစဉ် ရှိကြောင်း ရှင်းပြသည်။ ရေနံမြေလုပ်သား အများစုမှာလည်း မိသားစုနှင့် ခွဲခွာကာ စမ်းသပ်တွင်းများ သွားတူးရသဖြင့် အရက်နှင့် နှီးနွှယ်သော အသည်းနှင့် အစာအိမ် ရောဂါများဖြင့် လာရောက် ကုသတတ်သည်ဟု ဆိုသည်။ ဆေးရုံမှာလည်း ဘီအိုစီ ကုမ္ပဏီ လက်ထက်က တိုင် ဆောက်လုပ်ထားသော ဆေးရုံ ဖြစ်လေရာ အပျက်အစီးများ ရှိပါက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဆောက်လုပ်ရေးဌာနက လာကြည့်ပြီး ပြင်ဆင်ပေးမည် ဖြစ်ကြောင်း ဆိုလေသည်။

ရေနံမြေ လုပ်သားဟောင်းကြီး တစ်ဦးကမူ ယခင်က ရေနံမြေလုပ်သား Family ကတ်ကလေး လုပ်ထားပေးပြီး ဆေးဝါး ကုသလိုပါက ငွေမလိုအပ်ဟု ငယ်ကြောင်းပြန်သည်။ ထို့ပြင်ဆေးရုံ၌ သာမန်ဆရာဝန် ငါးဦးခန့်၊ သွားဆရာဝန် တစ်ဦးနှင့် သူနာပြုများသာ ရှိလေရာ အရေးပေါ် ခွဲစိတ်ကုသရသော လူနာများအတွက် မည်သို့ ကုသပေးကြောင်း မေးမြန်းသည်။ ဆရာဝန်ကြီးက ယခင်က အထူးကု ဆရာဝန်များ ခန့်အပ်ပေးရန် MOGE မှတစ်ဆင့် ကျန်းမာရေး ဝန်ကြီးဌာနထံ စာတင်ထားသည်ဟုသာ ဖြေဆိုသည်။

ဆရာဝန်ကြီးနှင့် အားပါးတရ ဗျူးပြီးသောအခါ ပြန်လာသည်။ သတင်းစာရှင်းလင်းပွဲ အခမ်းအနားလည်း ပြီးစီးသွားပြီမို့ ရန်ကုန်ပြန်ဖို့ သတင်းသမားများ စုစည်းရသည်။ သတင်းအဖွဲ့ အားလုံးကို မြို့စွန် တောင်ထိပ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ရပ်ထားသော မြသရဖူ ကားပေါ်၌ နေရာယူစေပြီးသော အခါ အညာနေသည် တောင်စွယ် ကျိုးလေပြီ။ နေလုံးနီနုနု ရှေ့တွင် တောင်တန်းပြာ၊ တောင် တန်းပြာရှေ့၌ မြစ်ဧရာ။ ကားသည် တောင်ထိပ်မှ တရွေ့ရွေ့ဆင်းသည်။ တောင်အောက်၌ လမ်းမပေါ် အချိုးအကွေ့ မောင်းသောအခါ လာစဉ်က ကျောချမ်းစရာ နွေးထွေးစွာ ကြိုဆိုနေသော ‘တားမြစ်နယ်မြေ၊ တာဝန်မှအပ မဝင်ရ၊ သေနတ်ဖြင့် ပစ်ခတ်ခံရမည်’ ဆိုသော ဆိုင်းဘုတ်က ခေါင်းညိတ် နှုတ်ဆက်နေ သည့်နှယ်။
ဉာဏ်မျိုးအောင် 
The Voice Weekly