Tuesday, December 3, 2013

မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်သည့် နိမ့်ကျသောစိတ်ဓာတ်များ ဖျောက်ဖျက်ရန် သမ္မတတိုက်တွန်း

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကျောင်းကုန်းမြို့သို့ ရောက်ရှိစဉ် ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး
Tuesday, December 3, 2013
နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသောစိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

တိုင်းပြည်တွင် ဘုံအကျိုးစီးပွားအပေါ်တွင် ပူးပေါင်းဆောင်ရွက်ရမည့်အစား ကိုယ်ကျိုးစီးပွားများကို ဦးစားပေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းနှင့် အခြားသူများ၏ အောင်မြင်မှုများကို အသိအ မှတ်မပြုလိုခြင်း စသည့် စိတ်ဓာတ်များကို ပြင်ဆင်ရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ဒီဇင်ဘာ ၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့နယ်ခွဲမှ ကျောင်းကုန်းမြို့နယ်ရှိ အဆင့်မြင့်စံပြလယ်ယာများကို သွားရောက်ကြည့်ရှုသည့် ခရီးစဉ်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတိုးတက်ဖွံ့ ဖြိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ် စွာဆောင်ရွက်ရန် လိုအပ်ပြီး မိမိတို့လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှု  အားနည်းခဲ့သည့်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် စတင်ပြီး အကွဲအပြဲများ ပေါ်ပေါက်ခဲ့သည်။

မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ အခြားသူများ၏ အောင်မြင်မှုကို  အသိအမှတ်မပြု လိုခြင်း၊ ဘုံအကျိုးစီးပွားအပေါ်တွင် ပူးပေါင်းဆောင်ရွက်ရမည့်အစား  ကိုယ်ကျိုးစီးပွားများကို ဦးစားပေးခြင်းစသည့် စိတ်ဓာတ်များကို  ပြင်ဆင်ရန် လိုအပ်ကြောင်း သမ္မတက ပြောသည်။
မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်သည့် နိမ့်ကျသော စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အစိုးရနေဖြင့် ပြည်သူ့ဆန္ဒများကို အကောင်အထည်ဖော်ရာတွင် စီမံချက်ချပြီး စနစ်တကျဆောင် ရွက်နေခြင်းဖြစ်ပြီး လက်တန်းဆောင်ရွက်ခြင်း၊  စိတ်ကူးပေါ်ရာလုပ်ကိုင်ခြင်းမဟုတ်ကြောင်းလည်း     ဦးသိန်းစိန်က အဆိုပါခရီးစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ၎င်းအစိုးရ တာဝန်ယူခဲ့သော   ၂နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများတွင် တိုးတက်မှုရှိ၊ မရှိ ပြန်လည်လေ့လာနိုင်သည်ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့သော ၂နှစ်ကျော် ကာလအတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခြင်း၊ ရခိုင်ပြည်နယ်အပါအ၀င် မြို့ကြီးအချို့၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
7Day Daily