Tuesday, December 3, 2013

ပါကစ္စတန် တာလီဘန်တို့၏ ခေါင်းဆောင်သစ် အာဖဂန်မှ ပြန်ရောက်လာ

03 Dec 2013
ပါကစ္စတန် တာလီဘန်တို့ကို ဦးဆောင်ရန်အတွက် အဆိုပါ စစ်သွေးကြွအဖွဲ့က ခန့်အပ်လိုက် သည့် ခေါင်းဆောင်သစ်သည် ပါကစ္စတန်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ထောက်လှမ်းရေး အစီရင်ခံစာများက မူလာဖာဇူလာသည် အာဖဂန်နစ္စတန်မှ ပါကစ္စတန်သို့ ပြန်လည် ရောက်ရှိလာပြီဟု ယုံကြည်ရကြောင်း ဖော်ပြခဲ့ကြသည်။ ၎င်းသည် ပါကစ္စတန်ရှိ အစိုးရဩဇာ သက်ရောက်မှု နည်းပါး သည့် ဒေသတစ်ခုတွင် အာဖဂန် နယ်စပ်မှ ဖြတ်ကျော် ဝင်ရောက်လာခဲ့ခြင်းဟု ဆိုသည်။ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းက ဖာဇူလာ အနေဖြင့် ပါကစ္စတန်သို့ ပြန်ရောက်လာပြီး တာလီဘန်တို့နှင့် ဆက်သွယ်ခဲ့ကြောင်း ပါကစ္စတန် ထောက်လှမ်းရေးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းသတင်းကို အတည်ပြုချက် ပေးသူက ၎င်း၏အမည်ကို ဖော်ပြခဲ့ခြင်း မရှိချေ။ ထောက်လှမ်းရေး စည်းမျဉ်းများအရ အဆိုပါသတင်းကို ထုတ်ဖော်ပြောဆိုခွင့် မရှိသည့်အတွက် အမည်ဖော်မပြခြင်းဟုလည်း သိရသည်။ ဖာဇူလာသည် နိုဝင်ဘာလက တာလီဘန် အကြီးအကဲဟောင်း ဟာကင်မ်မူလာ မာဆွတ်ဒ် အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ပြီးနောက် ခေါင်းဆောင်သစ် ဖြစ်လာသည်။ ဖာဇူလာသည် အနောက်မြောက်ပိုင်း ဆွက်တောင်ကြား ဒေ သတွင် အခြေစိုက်သည့် တာလီဘန်တို့ကို ဦးဆောင်မည် ဖြစ်သည်။ ၎င်းသည် (၂၀၀၉)ခုနှစ်က ပါကစ္စတန် စစ်တပ်၏ ထိုးစစ်ကြောင့် အာဖဂန်သို့ ဆုတ်ခွာသွားခဲ့သူ ဖြစ်သည်။ ဖာဇူလာသည် ပါကစ္စတန် ဆယ်ကျော်သက် လူ့အခွင့်အရေး လှုပ်ရှားသူ မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို လုပ်ကြံရန် အားထုတ်ခဲ့မှုအတွက် နာမည်ကြီးသူလည်း ဖြစ်သည်။
Planet Myanmar Network