Friday, December 20, 2013

မလေးရှားရဲက မြန်မာဟုယူဆရသော ပြည်ပလုပ်သားသုံးဦးကို ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်ကြောင့် မလေးအစိုးရ ပြန်ဖြေရှင်း

Friday, December 20, 2013
မလေးရှားနိုင်ငံ ပီနန်းမြို့ လမ်းလယ်ကောင်တွင် မြန်မာနိုင်ငံသားဟုယူဆရသူသုံးဦးကို မလေးရှားရဲတစ်ဦး က ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေသည့် ဗီဒီယိုဖိုင်တစ်ခုကို  မြန်မာနိုင်ငံသားများအား တိရစ္ဆာန်လို ရိုက်နှက်နေသည့်ခေါင်းစဉ်ဖြင့်  အစိုးရ၏ အတိုက်အခံစာမျက်နှာတစ်ခုက တင်ထားရာ ဖမ်းဆီးစစ်ဆေးနေ စဉ် ထွက်ပြေးသောကြောင့် စိတ်ဆိုး၍ ရိုက်နှက်ခြင်းဖြစ်သည်ဟု မလေးရှားအစိုးရက ရှင်းလင်းချက် ထုတ်ပြန်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ပီနန်းကျွန်း ဘရမ်းဘလုဧရိယာအတွင်းရှိ လမ်းလယ်ကောင်တွင် မလေးရှားရဲ တစ်ဦးက မြန်မာနိုင်ငံသားဟုယူဆရသူ သုံးဦးကို ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်တစ်ခု မလေးရှားအစိုးရ၏ အတိုက်အခံစာမျက်နှာတစ်ခုတွင် လွှင့်တင်ပြီး မြန်မာနိုင်ငံသားများအား တိရစ္ဆာန်လို ရိုက်နှက်နေ သည့်ခေါင်းစဉ်ဖြင့် တင်ဆက်ခဲ့သည်။

ထိုဗီဒီယိုဖိုင်သည် မလေးရှားနိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိပြီး သတင်းမီဒီယာများက ရှုတ်ချပြော ဆိုမှုများပြုလုပ်သောကြောင့် မလေးရှားအစိုးရက အဆိုပါရိုက်နှက်မှုသည် ထိုသုံးဦးကို ဖမ်းဆီးစစ်ဆေးနေစဉ် ထွက်ပြေးသောကြောင့် ၄င်းရဲက စိတ်ဆိုး၍ ရိုက်နှက်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ရှင်းလင်းချက်ထုတ်ပြန်သည်ဟု မလေးရှားနိုင်ငံရောက် မြန်မာများကပြောသည်။

““သတင်းစာတွေမှာတော့ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့သူလို့ ရေးနေကြတယ်။ အဲဒီဗီဒီယိုဖိုင်ကလည်း မလေးရှားနိုင်ငံမှာ တော်တော်ပျံ့နှံ့သွားတယ်။ မြန်မာတွေလည်း တော်တော်လေး ဒေါသထွက်နေကြ တယ်””ဟု မလေးရှားရောက်မြန်မာများအသင်းမှ ကိုမျိုးကပြောသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးစိုးဝင်းထံသို့ မလေးရှားရောက်မြန်မာများအသင်းက သတင်းပေးပို့ထားကြောင်း ကိုမျိုးကပြောသည်။ ရိုက်နှက် စစ်ဆေးသောရဲကို မလေးရှားရဲချုပ်ဌာနသို့ ပို့ဆောင်ထားပြီး အရေးယူဆောင်ရွက်ထားကြောင်း မလေးရှားအစိုးရက ပြောကြားထားသည်ကို မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ဖော်ပြ ထားသည်။

““အဲဒီဗီဒီယိုဖိုင်ကို ကြည့်ပြီးပါပြီ။ ရဲက ဆိုင်ကယ်နဲ့ရောက်လာပြီး ဒေါသတကြီးနဲ့ ရိုက်နေတာပါ။ အရိုက်ခံ ရတဲ့သူတွေကလည်း မြန်မာနိုင်ငံသားတွေဖြစ်ဖို့များပါတယ်။ အရိုက်ခံရတဲ့သူကို မလေးရှားရောက်အဖွဲ့အ စည်းတွေက စုံစမ်းနေပါတယ်””ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်သော ကိုကျော်စိုး ကပြောသည်။
7Day Daily