Tuesday, December 3, 2013

ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွင်း တက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားမှုအချို့ ခွင့်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၃။ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ)မှ ဦးဆောင်၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်တက်ရောက်မည့် ပထမနှစ်ကျောင်းသားကျောင်းသူများအတွက် ဘာသာရပ် ရွေးချယ်ခြင်း၊ ကျောင်းအပ်နှံခြင်း ကိစ္စရပ်များ၊ ကျောင်းဖယ်ရီကား ထားရှိမှု ကဲ့သို့သော အခြားသော အထွေထွေ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်မည့် လမ်းညွှန်လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ကိုယ်တိုင်ကူညီဆောင်ရွက်ပေးခြင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေး အဖွဲ့အစည်းမှ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းကြေငြာသင်ပုန်းများတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ လက်ကမ်းကြေငြာများ၊ ဗွီနိုင်းများကိုလည်း ကပ်ခွင့်ပြုထားသည်ကို တွေ့ရသည်။

“ဒီနေ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို တက်ရောက်တဲ့အခါမှာ ကျောင်းသားသမဂ္ဂက ညီငယ် ညီမငယ်တွေရဲ့ ဒီနှစ်မှာ စတင်တက်ရောက်မယ့် ပထမနှစ်ကျောင်းသား/သူများကို မေဂျာရွေးချယ် ပုံတွေ၊ ကျောင်းအပ်ရင်လိုအပ်မယ့် လမ်းညွှန်ပေးမှုတွေ ဖယ်ရီကားထားရှိမှုကိစ္စတွေကို လက်ကမ်း စာစောင်တွေ ဖြန့်ဝေတာ ကိုယ်တိုင်ကူညီဆောင်ရွက်ပေးတာတွေ ကို ကျောင်းရဲ့တရားဝင်ခွင့်ပြုချက်နဲ့ သမဂ္ဂရဲ့ ကျောင်းသားအရေး ဆောင်ရွက်မှုတွေကို တွေ့ခဲ့ရတယ်။ ဒါဟာ ထူးခြားတဲ့ ၀မ်းသာစရာမြင် ကွင်းတစ်ခုပါပဲ”ဟု ယခုရက်ပိုင်းအတွင်းတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်သို့ ပြန်လည်တက်ရောက်ရန် ခွင့်ပြုခံထားရသော ကိုစည်သူမောင်မှ ပြောကြားသွားသည်။
ဖိုးစနေ
မြန်မာ့ခေတ်