Monday, December 30, 2013

ပြည်ခိုင်ဖြိုးက ၅၉(စ)ကို အကန့်အသတ်ဖြင့်ပြင်ရန် အဆိုတင်မည်ဟု ဆုံးဖြတ်

ရန်ကုန် Tuesday, December 31, 2013
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် သမ္မတအရည်အချင်းနှင့် ပတ်သက်သော အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို အကန့်အသတ်ဖြင့်သာ ပြင်ဆင်မည်ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီအစည်း အဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အကန့်အသတ်ဖြစ်နေသော အဆိုပါပုဒ်မအား အချက်အားလုံးပြင် ဆင်မည်မဟုတ်ဘဲ သားသမီးတစ်ဦးဦး၏ ဇနီး၊ ခင်ပွန်းသည် ပြည်ပနိုင်ငံသား (သို့မဟုတ်)ပြည်ပသြဇာ ခံဖြစ်သူများ မဖြစ်စေရဆိုသည့် အချက်ကိုသာ ပြင်ဆင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကပြောသည်။

ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးတွင် ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့မည့် အချက် ၇၃ ချက်တွင် ထိုအချက်ပါဝင်ကြောင်း ဗဟိုကော်မတီဝင် ဦးသာဝင်းကပြောသည်။ သို့သော် အဆိုပါအချက်နှင့်ပတ်သက် ၍ အသေးစိတ် ထပ်မံညှိနှိုင်းရဦးမည်ဟု ဦးသာဝင်းက ဆက်လက်ပြောသည်။

အခြေခံဥပဒေပုဒ်မ ၅၉(စ) သမ္မတအရည်အချင်းသတ်မှတ်ချက်တွင် ကိုယ်တိုင်သော်လည်းကောင်း၊ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ထိုသားသမီး၏ ဇနီး၊ ခင်ပွန်းတို့သည် ပြည်ပနိုင်ငံသား(သို့မဟုတ်)ပြည်ပကျေး ဇူးသစ္စာကို ခံယူသူမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

““ဥပမာ ဒေါ်အောင်ဆန်းစုကြည်ပေါ့ဗျာ။ သူ့သားနှစ်ယောက်က နိုင်ငံသားဖြစ်နေရင်တောင် ဒီနိုင်ငံသားခံယူလိုက်ရင် သူသမ္မတဖြစ်လို့ရပြီ။ သူ့ချွေးမတွေက နိုင်ငံခြားသူဖြစ်နေလည်းရတယ်။ အဲဒီအချက်ကို ပယ်ဖျက်လိုက်တယ်။ ခင်ပွန်းကတော့ ရှိမှမရှိတော့ဘဲဗျာ””ဟု ဦးလှဆွေက သူ၏အမြင်ကို ပြောသည်။

ထိုကဲ့သို့ပြင်ဆင်ခြင်းသည် ပါတီမှ တတ်စွမ်းသ၍ ဖြေလျှော့ပေးခဲ့ရခြင်းဖြစ်ကြောင်း ဗဟိုကော်မတီဝင် တစ်ဦးက ဆိုသည်။

သို့သော် ပြည်ခိုင်ဖြိုး၏အဆို အတည်ဖြစ်လာပါက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကဲ့သို့ သား၊ သမီး နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုထားသူများ၏မိဘများ သမ္မတဖြစ်ခွင့်ရှိလာမည်ဖြစ်သည်။ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး အနားယူသောကြောင့် ဒုသမ္မတတစ်ဦး ခန့်အပ်ရန်ပြင်ဆင်စဉ် ဦးမြင့်ဆွေမှာ အထက်ပါအချက်နှင့် ငြိစွန်းနေ၍ ပယ်ချခံခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ပြင်ဆင်မှုနှင့် ပတ်သက်သော အချက်အလက်များမှာ ဥပဒေဆိုင်ရာကိစ္စရပ်များဖြစ်သဖြင့် အတိမ်းအစောင်း မခံသောကြောင့် ဖတ်ရှုခြင်းမပြုရသေးမီ ဝေဖန်ပြောဆိုမှု မပြုလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဆိုသည်။

အခြေခံဥပဒေကို ပြင်ဆင်မှသာ ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာ မည်ဖြစ်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းအနေဖြင့် တရားမျှတမှုဖြစ်စေရန် ပြင်ဆင်မှုများ ပြုလုပ်ပေး လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ဖူးသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ဒုတိယအကြိမ် ဗဟိုကော်မတီညီလာခံကို ယခုလ ၂၈ မှ ၃၀ ရက် သုံးရက်ကြာကျင်းပခဲ့ပြီး အခြေခံဥပဒေပါ အချက် ၂၁ ခု ကို ပယ်ဖျက်ခြင်း၊ ၅၂ ချက်ကို ပြင်ဆင်ခြင်းတို့ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
7Day Daily