Sunday, December 29, 2013

နိုင်ငံရေးအမှု ၁၅၀ ကျော် ပလပ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတထံတင်ပြ

ရန်ကုန်- နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသော အမှုပေါင်း ၁၅၀ ကျော် ပလပ်ပေးနိုင်ရေး နိုင် ငံတော်သမ္မတထံ တင်ပြထားကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးရဲအောင်ကပြောသည်။

“ကျွန်တော်တို့ ကော်မတီကတော့ အပြည့်အစုံတင်ပြထားတယ်။ သမ္မတက နိုင်ငံရေးအကျဉ်းသားကို နှစ် ကုန်မှာ မရှိရဘူးပြောထားတော့ စောင့်ကြည့်ရမှာပေါ့”ဟု ဦးရဲအောင်ကဆိုသည်။

ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားရုံးများတွင် အမှုရင်ဆိုင်နေရပြီး ပြစ်ဒဏ်ချမှတ်ခြင်း မခံရသေးသော အမှုပေါင်း ၁၅၀ ကျော် ပလပ်ပေးနိုင်ရေးအတွက် သမ္မတထံတင်ပြရန် ဒီဇင်ဘာ ၂၁ ရက်က ကျင်းပသော လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားမှာ ၃၀ ကျော်သာရှိတော့ သည်ဟု သိရသည်။

၂၀၁၃ အကုန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား ရှိတော့မည်မဟုတ်ကြောင်း၊ နိုင်ငံတော်သမ္မတက ကတိပြုထားသော်လည်း လက်ရှိအချိန်ထိ နိုင်ငံရေးပုဒ်မများဖြင့် တရားရုံးများတွင် ရင်ဆိုင်နေရသော အမှုပေါင်း ၂၀၀ နီးပါးရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်ကပြောသည်။

နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးအရေးယူထားသူများအား လွှတ်ပေးရေးနှင့် နိုင်ငံရေးပုဒ်မများဖြင့် တရားရုံးများတွင် အမှုရင်ဆိုင်နေရမှုများ ပြန်လည်ရုပ်သိမ်းပေးနိုင်ရန်အတွက် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်များအပါအ၀င် အဖွဲ့အစည်း ၅၀ ကျော်ကလည်း လာမည့် ဇန်န၀ါရီ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြသည်။
7Day News Journal