Tuesday, December 31, 2013

မုံးစီးကျေးရွာ၌ ဗုံးပေါက်ကွဲ ကိုရင်တစ်ပါးပျံလွန်၊ တစ်ပါးဒဏ်ရာရ

ကွတ်ခိုင်၊ ဒီဇင်ဘာ ၃၁။
ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးစီးကျေးရွာအတွင်းရှိ ပန်ဆင်ကျေးရွာနှင့် မုံးစီးဝေဠုဝန်ကျောင်း တိုက်လမ်းဆုံ တစ်နေရာ၌ (၂၈.၁၂.၂၀၁၃) ရက်နေ့ ညနေ (၃) နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ကြောင်း မုံးစီးကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မုံးစီးကျေးရွာဝေဠုဝန်ကျောင်းတိုက်မှ ရှင်သိလိန္ဒ (သက်တော် ၉ နှစ်)၊ ရှင်သောစိဏ္ဏ (သက်တော် ၉ နှစ်) နှင့် အမည်မသိ ကိုရင်တစ်ပါး၊ ပေါင်းသုံးပါးတို့သည် အထက်ပါ အခင်းဖြစ်နေရာတွင် ဘထ္ထရီပုံသဏ္ဍာန် (ကော်ဖြင့်ပြုလုပ်) အပြင်မှ ကျစ်လစ်စွာ ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်အား ရှင်သီလိန္ဒမှ ကောက်ယူကြည့်ရာ အဆိုပါအထုပ်မှ ၀ါယာကြိုးနှစ်ပင် ထိခတ်မိသည်နှင့် တစ်ပြိုင်နက် မီးခိုးများ ထွက်လာသဖြင့် အဖော်ကိုရင်နှစ်ပါးမှာ ကြောက်လန့်ထွက်ပြေးရာ မကြာမီပင် ပြင်းထန်စွာပေါက် ကွဲမှု ဖြစ်ပွား၍ ရှင်သိလီန္ဒ (သက်တော်၉ နှစ်)သည် ဦးခေါင်းပွင့်၊ ယာလက်မွကြေ၊ ယာခြေထောက် လောင် ကျွမ်း ဒဏ်ရာတို့ဖြင့် နေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများမှပြောသည်။

“ပထမတစ်ကြိမ်ဗုံးကွဲးတုန်းက လူလေးယောက် ဒဏ်ရာရတယ်၊ အခုတစ်ကြိမ်ကျ တော့လူတွေပါသေလာ ပြီ၊ ပြောချင်တာက လက်နက်ကိုင် အချင်းချင်း အဆင်မပြေတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်တာ
မဖြစ်စေချင်ပါဘူး” ဟု မုံးစီးကျေရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

မုံးစီးဒေသတွင် ဒီဇင်ဘာလ (၁၃) ရက်နေ့ ၌လည်း လက်လုပ်ဗုံးဟု ယူဆရသော ဗုံးနှစ်လုံးကွဲခဲ့ပြီး  ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ရာ တစ်လအတွင်း ဗုံး (၃) လုံး ကွဲခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဒဏ်ရာရသော ကိုရင်လေးအား မုံးစီးတိုက်နယ်ဆေးရုံမှ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် လောက်ကိုင် ဆေး ရုံသို့ ပို့ဆောင်ဆေး ကုသပေးနေပြီး ပျံလွန်တော်မူသွားသော ကိုရင်လေးအား အခင်းဖြစ်ပွားသည့်နေ့ ည (၆း၁၅)နာရီအချိန်တွင် ကျေးရွာလူအင်အား (၁၀၀) ခန့်ဖြင့် မီးသဂြိင်္လ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
စိုင်းကံသာ
မြန်မာ့ခေတ်