Tuesday, December 31, 2013

နိုင်/ကျဉ်းကော်မတီတင်ပြသော ၃၉ယောက်ထဲမှ ၅ဦးသာလွှတ်

အင်္ဂါနေ့၊ ဒီဇင်ဘာ၃၁ရက်၊ ၂၀၁၃
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၃၁ရက်တွင် လွှတ်ပေးသော နိုင်ငံရေးအကျဉ်းသားများထဲ တွင် နိုင်/ကျဉ်း စိစစ်ရေးကော်မတီက လွှတ်ပေးရန်ကျန်ရှိနေသေးသဖြင့် ပေးပို့ထားသော နိုင်/ကျဉ်း ၃၉ဦးထဲမှ ငါးယောက်သာ ပါဝင်သည်။

ထိုငါးဦးသည် အင်းစိန်ထောင်မှ နှစ်ဦး၊ တောင်ကြီးထောင်မှ နှစ်ဦးနှင့် မော်လမြိုင်ထောင်မှ တစ်ဦး တို့ဖြစ်သည်။

အင်းစိန်ထောင်မှ လွတ်မြောက်လာသူနှစ်ဦးမှာ ကချင်စစ်ပွဲများရပ်တန့်ရန် ကချင်ပြည်နယ်၊ လိုင်ဇာသို့ လမ်းလျောက်ဆန္ဒပြခဲ့သဖြင့် ပုဒ်မ ၁၈ဖြင့် အရေးယူခံရသည့် ရန်နိုင်ထွန်းနှင့် အောင်မင်းနိုင်တို့ဖြစ်သည်။

တောင်ကြီးထောင်မှ လွတ်မြောက်လာသူများသည် ရှမ်းတပ်မတော်(SSA)မှ နိုင်ငံတော်ပုန်ကန်မှု(ပုဒ်မ ၁၂၂/၁)၊ လူသတ်မှု (ပုဒ်မ ၃၀၂)တို့ဖြင့် စွတ်စွဲခံရကာ အကျဉ်းကျခဲ့သော အိုက်ပန်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအစည်းအရုံး(PNLO)မှ နိုင်ငံတော်ပုန်ကန်မှု(ပုဒ်မ ၁၂၂/၁)၊ မတရားအသင်းတွင် ကိုယ်တိုင်ပါဝင်မှု (ပုဒ်မ ၁၇/၂)၊ လူသတ်မှုပါဝင်သော ဓားပြမှု (ပုဒ်မ ၃၉၆)နှင့် နိုင်ငံတော်ပစ္စည်း အလွဲသုံးမှု (၆/၁)တို့ဖြင့်စွတ်စွဲခံရကာ အကျဉ်းကျခဲ့သော ရဲမင်းတို့ဖြစ်သည်။ မော်လမြိုင်ထောင်မှမူ KNUမှ ပုဒ်မ၁၇/၁၊ ၁၇/၂၊ ၃၀၂တို့ဖြင့် စွတ်စွဲခံရကာ အကျဉ်းကျခဲ့သော သန်းထွေးတို့ လွတ်မြောက်လာသည်။

ယနေ့လွတ်မြောက်လာသူများထဲတွင် နိုင်/ကျဉ်း စိစစ်ရေးကော်မတီက ပေးပို့ထားသည့်အထဲမှ ငါးဦးအပြင်၊ ကော်မတီ၏ စာရင်းတွင်မပါဝင်သော ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ) စသော ပုဒ်မများနှင့် အကျဉ်းထောင်များထဲတွင် ရောက်ရှိနေသူများ၊ တရားရင်ဆိုင်နေရသူများ ပါဝင်သော်လည်း စာရင်းအတိအကျကိုမူ မဇ္ဈိမက စုံစမ်းဆဲဖြစ်သည်။ နိုင်/ကျဉ်း စိစစ်ရေးကော်မတီ၏ စာရင်းအရ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျနေသူများ၊ တရားရင်ဆိုင်နေရသူများ စုစုပေါင်း ၁၈၉ယောက်ရှိသည်။
Mizzima - News in Burmese