Wednesday, December 4, 2013

ချုံရှင်းရာမှ ကုန်းဘောင် ခေတ်ဦးလက်ရာ ဌာပနာပစ္စည်းများ ကျောက်ဆည် တွင်တွေ့

မန္တလေး၊ ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ ဈေးတန်း ရပ်ကွက်ရှိ ရှစ်ကျိပ်ရှစ်ဆူ ဘုရားနှင့် ကိုးတောင်ပြည့် စေတီတော်အနီးရှိ ချုံများကို အဆိုပါ ဒေသခံများက နိုဝင်ဘာလ ၂၇ ရက်နေ့က ရှင်းလင်းရာမှ ကုန်းဘောင်ခေတ်ဦးပိုင်း လက်ရာ ဌာပနာ ပစ္စည်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဌာပနာပစ္စည်းများ တွေ့ရှိရာသို့ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးရာက ကုန်းဘောင် ခေတ်ဦးပိုင်း လက်ရာ ဌာပနာပစ္စည်းများ ဖြစ်သည်ကို တွေ့ရှိရကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ ဌာပနာ ပစ္စည်းများသည် အရွယ်စုံ၊ အမျိုးအစားအစုံ (၃၀) ခုရှိ၍ စကျင်ကျောက်ဆင်းတု တော်၊ သစ်သားရပ်တော်မူ၊ ဓာတ်တော် ၁၀ လုံးပါသော ဖန်ပုလင်းတစ်လုံး၊ အုတ်ခွက်ဘုရား၊ ဘော်ဘုရား၊ ဗောဓိပင်ပါ ကြေးဘုရား အနီရောင်၊ သရိုးအနက်ဖြင့် ပြုလုပ်ထားသော ရုပ်ပွားတော်၊ သရိုးအနက်ဖြင့် ပြုလုပ်ထားသည့် ရုပ်ပွားတော် မဏိတော်ကျိုး၊ သရိုးအနက် ပလ္လင်ပါ ရုပ်ပွားတော်၊ ရွှေချထားသော သစ်သား ရုပ်ပွားတော်၊ စကျင်ကျောက် ရွှေသင်္ကန်း ကပ်ထားသော ဆင်းတုတော် အစရှိသည်တို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဌာပနာ ပစ္စည်းများကို ကျောက်ဆည်မြို့ လျှော်ဖြူကျောင်းတိုက် ဆရာတော် ဦးသြဘာသက ထိန်းသိမ်း စောင့်ရှောက် ထားပြီး စေတီတော် ပြန်လည် ပြုပြင်ရန် အလှူရှင်ရရှိပါက ပြန်လည်ဌာပနာ ထည့်သွင်း ပူဇော်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးသည် ရှေးဟောင်းမြို့တော်များ တည်ရှိရာဒေသ တစ်ခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် ပစ္စည်းများ၊ ကျောက်စာများကို ကြိမ်ဖန်များစွာ တဖြည်းဖြည်း တွေ့ရှိလာကြောင်း၊ အဆိုပါ ပစ္စည်းများကို ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက ရှေးဟောင်း ပစ္စည်းအဖြစ် သတ်မှတ်ကာ စနစ်တကျ ထိန်းသိမ်းသင့်ကြောင်း၊ သို့မှသာ ရှေးဟောင်း အမွေအနှစ်များကို ယနေ့ခေတ် လူငယ်များ တန်ဖိုးထားကြမည် ဖြစ်ကြောင်း မန္တလေးမြို့ခံ အငြိမ်းစား ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ဆိုသည်။
The Voice Weekly