Wednesday, December 18, 2013

ပတ်ဆောင်ဟွာ နှစ်ရက် ဆက်နေထိုင်ခွင့်တောင်းခံ

ရန်ကုန်၊ ဒီဇင်ဘာ-၁၇
ပုဂ္ဂိုလ်ရေးငဲ့ညှာမှုဖြင့်ခွင့်ပြုခဲ့သော်လည်း အသွားအလာမဆင်ခြင်၍ အန္တရာယ်ဖြစ်ပါကတာဝန်မယူဟု ဦးဇော်ဇော်သတိပေး

ဒီဇင်ဘာ ၁၆ ရက်တွင် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်ခဲ့သည့် အုပ်စုနောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်၌ အရန်စား
သမားများကို ထုတ်သုံးခဲ့ပြီး ပွဲပြီးမှသာ ဂိုးကွာခြားချက်ဖြင့် မဆုံးဖြတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုဖြင့် နောက် တစ်ဆင့်တက၊် မတက်ဆိုခြင်းအား သိခဲ့သည်ဟု ပွဲအပြီးသတင်း စာရှင်းလင်းပွဲ၌ ၀န်ခံပြောဆို ခဲ့သော တောင်ကိုရီးယားသား နည်းပြ ပတ်ဆောင်ဟွာမှာ သတင်းတချို့တွင် ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီ ထွက်ခွာမည့် လေယာဉ်ဖြင့် ပြည်တော်ပြန်မည်ဟု သိရသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာနှင့် မြန်မာယူ-၂၃ အသင်းမန်နေဂျာဦးစိုးမိုးကျော်က ထိုသတင်း မဟုတ်မှန်ဟု အတည်ပြု ဖြေကြားခဲ့သည်။ ပတ်ဆောင်ဟွာက သတင်းတစ်ရပ်၌ သူသည် ဘောလုံးပြိုင်ပွဲများမစမီ နည်းပြများစုံညီပြုလုပ်သည့် မန်နေဂျာများတွေ့ဆုံမှုအခမ်းအနား၌ ထိပ်တိုက်တွေ့ဆုံမှုဖြင့် အမှတ်တူ အသင်းများကို ဆုံးဖြတ်မည်ဆိုသည့် ရှင်းပြမှုအား ဘာသာပြန်မှ သူ့အားပြန်လည်မပြောပြခဲ့ဟုဆိုကာ သူ့အမှားဖြစ်၍ မြန်မာကစားသမားများအားလုံးနှင့် မြန်မာပြည်သူအားလုံးကို အနူးအညွတ်တောင်း ပန်သည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် ပတ်ဆောင်ဟွာအား တရားဝင်ထုတ် ပယ်ခြင်းအတွက် အတည်ပြုကြေညာမည်လားဟု ဦးစိုးမိုးကျော်အား မေးမြန်းရာတွင် " တရားဝင်သတင်းတော့မထုတ်ပြန်သေးဘူး။ ဒါပေမဲ့ သူပြန်မှာပါ။ ရှင်းစရာရှိတာလေးတွေ ရှိလို့ နှစ်ရက်လောက် ဆက်နေခွင့်ပေးပါ ဆိုတဲ့အတွက် ဥက္ကဋ္ဌဦးဇော်ဇော်က ပုဂ္ဂိုလ်ရေးငဲ့ညှာမှုနဲ့ ခွင့်ပြုခဲ့တယ်။ဒါပေမဲ့အသွားအလာမဆင်ခြင်လို့အန္တရာယ် ဖြစ်ရင်တာဝန်မ ယူနိုင်ဘူးဆိုတဲ့စကားတော့ သတိပေးပြောကြားခဲ့တယ် " ဟု စံတော်ချိန်သို့ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ဦးစိုးမိုးကျော်က ပတ်ဆောင်ဟွာ၏ပြိုင်ပွဲစည်းမျဉ်းကို မသိခဲ့ဆိုသော စကားနှင့် ပတ်သက်၍" ကစားသမားတိုင်း ဒီစည်းမျဉ်းသိတယ်။ နည်းပြအဖွဲ့ထဲက သူ့လက်ထောက်ကိုရီးယားသားတွေ အားလုံးလည်းသိတယ်။ သူမသိဘူးဆိုတာ သေချာပေါက်လိမ်ခဲ့တဲ့ စကားပဲ ။ အ၀ါကတ်ထိထားတဲ့ ကစားသမားခုနစ်ဦးထဲက ငါးဦးကိုတောင် သူထုတ်သုံးသွားခဲ့တာပဲ။ သရေဖြစ်လို့မရဘူး ဆိုတဲ့အကြောင်း သူ့ကို အားလုံးက ပြောခဲ့ပြီးသားပါ " ဟု ရှင်းလင်းခဲ့သည်။
စံတော်ချိန် နေ့စဉ်သတင်းစာ