Friday, December 27, 2013

အဆိုတော် ကောင်းမြတ်၏ဖခင်ကား လူငယ်တစ်ဦး ဓားပြလုယက်မောင်းပြေး

ရန်ကုန်၊ ဒီဇင်ဘာ-၂၆
ဗဟန်းမြို့နယ် ပုလဲကွန်ဒိုနေ အဆိုတော်ကောင်းမြတ်၏ ဖခင်ကားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ခွဲက လူငယ်တစ်ဦးကဓားပြခြိမ်းခြောက်ကာ လုယက် မောင်းပြေးခဲ့ရာ ရန်ကင်းစင်တာအနောက်ဘက် လမ်း၌ ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ပုလဲကွန်ဒိုနေအဆိုတော် ကောင်းမြတ်၏ ဖခင်ဦးမြင့်သိန်းသည် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ၌ အပြင်သို့သွားရန် ၎င်းပိုင် နစ်ဆန်း အနက်ရောင် စီးဒရစ် အမျိုးအစားယာဉ်အမှတ် ၄ဃ-၄၁၅၅ ဖြင့် ပုလဲကွန်ဒိုမှ ကမ္ဘာအေးစေတီလမ်းပေါ်သို့ မောင်းထွက်လာစဉ် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်နေ ဇော်ဆက်လွင် (၂၃) နှစ်က ကားအနီးရောက်လာပြီး လက်ထဲအသင့်ကိုင်ဆောင် လာသည့် ဓားဖြင့်ခြိမ်းခြောက်ကာ ဦးမြင့်သိန်း မောင်းနှင်လာသည့်ကားအား လုယက်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

ကားမောင်းထွက်ပြေးသွားသူ ဇော်ဆက်လွင်အား ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သတင်းအရ လိုက်ပြီးဖမ်းဆီးခဲ့ရာ ရန်ကင်းမြို့နယ် ရန်ကင်းစင်တာအနောက်ဘက်ရှိ အမှတ် (၂) စည်ပင်လမ်းရှိ
မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်းရုံးချုပ်ရှေ့၌ ပြန်လည်ဖမ်းဆီးထိန်း သိမ်းနိုင်ခဲ့သည်။

" ကားမောင်းလာတဲ့သူက ဆေးကြောင်ကြောင်နေတဲ့ပုံပဲ။ ကားကို ဒီလမ်းကြားထဲအထိ ရောက်အောင် ဘယ်လိုမောင်းလာတာလဲတော့မသိဘူး။ သူမောင်းလာတဲ့ကားက အဆိုတော်ကောင်းမြတ်ရဲ့ အဖေကား လို့ ပြောတယ်။ အဲဒီအဆိုတော်လည်း ဒီအထိလိုက်လာတာတွေ့တယ် " ဟုအဆိုပါလမ်းအတွင်းရှိ စားသောက်ဆိုင်မှ လူငယ်တစ်ဦးက ပြောဆိုသည်။

ကားမောင်းထွက်ပြေးသူ ဇော်ဆက်လွင်အား အဆိုတော်ကောင်းမြတ်၏ဖခင် ဦးမြင့်သိန်းက အရေး ယူပေးရန်တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ဗဟန်း မြို့နယ်ရဲစခန်းမှ (ပ) ၄၈၂ ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်ထားပြီး အမှုစစ်ဒုရဲအုပ် ထွန်းမွှေးက စစ်ဆေးမေးမြန်းလျက်ရှိသည်။

" လုယက်တဲ့ယာဉ်မောင်းက ရန်ကင်းစင်တာနောက်ကျောဘက်မှာ ယာဉ်တိုက်မှုကျူးလွန်ခဲ့သေးတယ်။ အခု အဲဒီလူကို ဖမ်းပြီးစစ်ဆေးနေ တုန်းပဲရှိပါသေးတယ် " ဟု အမှုစစ် ဒုရဲအုပ်ထွန်းမွှေးက စံတော်ချိန်သို့
ပြောဆိုသည်။
အေးလှိုင်
စံတော်ချိန် နေ့စဉ်သတင်းစာ