Monday, December 30, 2013

လပွတ္တာမြို့နယ် ကန်ဘက်ရွာမီးကြောင့် အိမ်ခြေ ၂၀၀ ကျော် ပြာကျ၊ လူ ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

မီးငြှိမ်းသတ်ပြီးနောက် တွေ့ရသည့် မီးလောင်ပြင် Hna Lone Thar Laputta's/facebook
လပွတ္တာ Tuesday, December 31, 2013
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာတွင် ဒီဇင်ဘာ ၃၀ ရက် နံနက်အစောပိုင်းတွင် မီးလောင် မှုဖြစ်ပွားရာ အိမ်ခြေနှစ်ရာကျော် ဆုံးရှုံးပြီး လူဦးရေ တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြောင်း သွားရောက်ကူညီနေသော လူမှုရေးအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

နံနက် ၁ နာရီခန့်က မုန့်ဟင်းခါးဖိုတစ်ခုမှ စတင်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၇နာရီခန့်တွင်မှ မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သော နှလုံးသားလပွတ္တာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး က ပြောသည်။

မီးလောင်ဆုံးရှုံးမှုကြောင့် အိမ်ထောင်စုနှစ်ရာကျော်မှ လူဦးရေ တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း လပွတ္တာမြို့ခံ ဦးသိန်းဌေးကပြောသည်။

ထို့အပြင် သက်ဆိုင်ရာဌာနများမှ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဆုံးရှုံးမှုကို မပြောကြားနိုင်သော် လည်း ဒေသခံများကမူ ကျပ်သိန်းပေါင်းသောင်းချီ၍ ဆုံးရှုံးနိုင်သည်ဟု ခန့်မှန်းပြောဆိုလျက်ရှိသည်။
““တစ်အိမ်ကို သိန်း ၅၀၊ ၁၀၀ နဲ့ပဲ တွက်ရင်တောင် ဆုံးရှုံးမှုက ကျပ်သိန်းပေါင်း နှစ်သောင်းလောက် ရှိနိုင်တယ်””ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းသော ကန်ဘက်ရွာသည် အနီးဆုံးမြို့ဖြစ်သော လပွတ္တာမြို့မှ ရေလမ်းခရီးဖြင့်သာ သွားရောက်နိုင်သောကြောင့် မီးသတ်ကားများ အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းမပြုလုပ်နိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက ပြောကြားသည်။

““အိမ်ခြေ ၂၃၀ နဲ့ ၂၅၀ ၀န်းကျင်လောက် ပါသွားတယ်။ တစ်ရွာလုံးမှာ အခြေခိုင်တဲ့စီးပွားရေးသမားတွေရဲ့ အကွက်အကွင်းနေရာမှာလောင်တာ။ သေတာတော့မရှိဘူး။ အဲဒါတော့ ကံကောင်းတယ်””ဟု မီးလောင် သည့်နေရာသို့ ရောက်ခဲ့သော လပွတ္တာမြို့ခံ ဦးသိန်းဌေးကပြောသည်။

အဆိုပါ မီးလောင်သည့်အကြောင်းကို နံနက် ၃ နာရီ ခန့်တွင် သိရှိခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေး မကောင်း မွန်သောကြောင့် အချိန်မီ အကြောင်းမကြားနိုင်ခြင်းဖြစ်နိုင်သည်ဟု ၎င်းကသုံးသပ်သည်။ မီးလောင်မှုဖြစ် ပွားသောနေရာသို့ မီးသတ်ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ မြို့နယ်အုပ် ချုပ်ရေးနှင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလည်း ရောက်ရှိနေသည်ဟု အဆိုပါဌာနများသို့ ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။

““မီးလောင်တာတော်တော်များတယ်လို့ သိရတယ်။ တိုင်းဦးစီးမှူးကိုယ်တိုင် ဆင်းပြီး သွားကူညီနေတယ်။ အဆက်အသွယ်က လုံးဝမရဘူး။ ဖုန်းလိုင်းတွေ တစ်ခုမှမမိဘူး။ ဒါကြောင့် စာရင်းအတိအကျမရသေး တာ””ဟု ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

““သွားတဲ့သူတွေနဲ့ ဆက်သွယ်လို့မရသေးဘူး။ နံနက်အစောပိုင်းကလောင်တာ မိုးလင်းမှပဲ မီးငြိမ်းတယ်လို့ပြောတယ်။ ဌာနဆိုင်ရာတွေတော့ အကုန်လုံးသွားနေကြတာပဲ”” ဟု လပွတ္တာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဦးအောင်စိုးကျော်ကပြောသည်။

မီးဘေးသင့်သူများအား မဟာအောင်မြေစံ ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပြီး အကူအညီ များပေးနေသည်ဟု သိရသည်။
7Day Daily