Monday, December 9, 2013

တိုင်းပြည်က မွဲမွဲ အစိုးရက ကျဲကျဲ လူထုက ကွဲပြဲ

အရှေ့တောင်အာရှ ဒေသတွင် တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံး၊ စရိတ်စက အမြင့်ဆုံး မြန်မာနိုင်ငံသည် သယံဇာတ ပေါလင့်ကစား ရာစုနှစ်ဝက်ကျော် အစိုးရ အဆက်ဆက်၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့် တိုင်းပြည်သည် မွဲသထက်မွဲလာကာ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့နောက် ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံရေးအရ သောင်မတင်ရေမကျ ဖြစ်နေသော၊ စီးပွားရေးအရ ကွဲပြဲနေသော၊ လူမှုရေးအရ အသားမကျသေးသော တိုင်းပြည်တွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ယန္တရားတို့သည် ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် အထူးလိုအပ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့တို့ကို ခန့်အပ်တာဝန်ပေး ဖွဲ့စည်းသည်။ ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ၃၀ ဦးနှင့် ဒုတိယ၀န်ကြီး ၃၉ ဦး ပေါင်း ၆၉ ဦးဖြင့် ဖွဲ့စည်း၍ ခန့်အပ်တာဝန် ပေးခဲ့သည်။ စတင်ဖွဲ့စည်း ကတည်းက ၀န်ကြီးအဖွဲ့သည် တိုင်းပြည်၏ စီးပွားရေး အခြေအနေနှင့် နှိုင်းယှဉ်လျှင် ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးအသွင် ဖြစ်နေခဲ့သည်ဟု သုံးသပ်နိုင်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် နောက်ဆုံးတိုးချဲ့ပြီးသော ပြည်ထောင်စု အစိုးရ ၀န်ကြီးအဖွဲ့ကိုကြည့်လျှင် ၀န်ကြီး ၃၆ ဦးနှင့် ဒုတိယ၀န်ကြီး ၆၁ ဦး၊ စုစုပေါင်း ၉၇ ဦးအထိ မြင့်တက်လာခဲ့သည်။ သမ္မတရုံး ၀န်ကြီးဌာန ခြောက်ခုကို တိုးချဲ့ဖွဲ့စည်းခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီး ၃၆ ဦး ဖြစ်လာခဲ့သည်။ သမ္မတရုံး ၀န်ကြီးဌာန (၂)၊ သမ္မတရုံး ၀န်ကြီးဌာန (၃)၊ သမ္မတရုံး ၀န်ကြီးဌာန (၅)နှင့် သမ္မတရုံး ၀န်ကြီးဌာန (၆)တို့တွင် ဒုတိယ၀န်ကြီး ခန့်ထားမှု မရှိသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် သမ္မတရုံး ၀န်ကြီးဌာန (၄) တို့မှလွဲ၍ ကျန်ဝန်ကြီး ဌာနများတွင် ဒုတိယ၀န်ကြီး နှစ်ဦးစီ ခန့်အပ်တာဝန် ပေးထားသည်။ ပညာရေး ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနတို့တွင် ဒုတိယ၀န်ကြီး သုံးဦးစီ တာဝန်ပေး ခန့်အပ်ထားသည်ကို တွေ့ရသည်။

ပြည်ထောင်စုဝန်ကြီး ၃၆ ဦးအနက် ၀န်ကြီးသုံးဦးသည် လက်ရှိတပ်မတော် အရာရှိကြီးများဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး၊ ဆောက်လုပ်ရေး ၀န်ကြီး၊ ပညာရေး ၀န်ကြီး၊ ကျန်းမာရေး ၀န်ကြီး၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးတို့သည် အရပ်သား ပညာရှင်များ ဖြစ်ကြသည်။ ကျန်ပြည်ထောင်စု ၀န်ကြီးများ အားလုံးသည် တပ်မတော် အငြိမ်းစား အရာရှိကြီးများ ဖြစ်သည်။ ဒုတိယ၀န်ကြီး ၃၈ ဦးသည် အရပ်သား ပညာရှင်များဖြစ်ပြီး ကျန်ဒုတိယ ၀န်ကြီးများသည် တပ်မတော် အငြိမ်းစား အရာရှိကြီးများ ဖြစ်သည်။ ယေဘုယျ အားဖြင့်ကြည့်လျှင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၀န်ကြီးအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီး အများစုသည် တပ်မတော် အငြိမ်းစား အရာရှိကြီးများ ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အားလုံးသည် တပ်မတော် အငြိမ်းစား အရာရှိကြီးများဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များသည် ပြည်ထောင်စုဝန်ကြီး အဆင့်အတန်းနှင့် တူညီသည့်အလျောက် ပြည်ထောင်စုဝန်ကြီး အဆင့်ရှိသူ ၅၀ ဦးရှိမည် ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့တွင် ၀န်ကြီးကိုးဦး ပါဝင်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးမှာ ၁၂၆ ဦးရှိသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဒုတိယ ၀န်ကြီးအဆင့်နှင့် လျော်ညီသဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်ထောင်စု အစိုးရ၏ ဒုတိယ ၀န်ကြီးများပေါင်းလျှင် ဒုတိယ၀န်ကြီး အဆင့်ရှိသူ ၁၈၇ ဦး ရှိသည်ဟု သုံးသပ်နိုင်သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတ၏ လစာမှာ ကျပ်သိန်း ၅၀၊ ဒုတိယ သမ္မတ၏ လစာမှာ ကျပ်သိန်း ၄၀၊ ပြည်ထောင်စု ၀န်ကြီး၏ လစာမှာ ကျပ်သိန်း ၃၀၊ ဒုတိယ ၀န်ကြီး၏ လစာမှာ ကျပ်သိန်း ၂၀ ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး အဆင့်ရှိသူ ၅၀ ဦးအတွက် လစာသည် ကျပ်သိန်း ၁၅၀၀၊ ဒုတိယ ၀န်ကြီးများအတွက် လစာသည် ကျပ်သိန်း ၃၇၄၀၊ နှစ်ခုပေါင်း ကျပ်သိန်း ၅၂၄၀ လစဉ်ကုန်ကျမည် ဖြစ်သည်။ သမ္မတနှင့် ဒုတိယသမ္မတ နှစ်ဦး၏လစာ ကျပ်သိန်း ၁၃၀၊ ပြည်ထောင်စု ရှေ့နေချုပ်၏လစာ ကျပ်သိန်း ၃၀ ပါပေါင်းလျှင် ကျပ်သိန်းပေါင်း ၅၄၀၀ ရှိသည်။ ဘဏ္ဍာနှစ် တစ်နှစ်အတွက် ကုန်ကျစရိတ်ကို ခန့်မှန်းလျှင် ကျပ်သိန်းပေါင်း ၆၄၈၀၀ ခန့်ရှိသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့သည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ရရှိသဖြင့် စုစုပေါင်း သိန်း ၁၂၀၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ခြောက်ဦး၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင် ငါးဦး၊ ဒုတိယ ရှေ့နေချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်တို့သည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၂၀ အသီးသီး ရရှိသဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၅၄၀ ရှိသဖြင့် နှစ်ခုပေါင်း ကျပ်သိန်း ၆၆၀ ကုန်ကျသည်။ ဘဏ္ဍာနှစ် တစ်နှစ်အတွက် ချီးမြှင့်ငွေ ကုန်ကျစရိတ်သည် ကျပ်သိန်းပေါင်း ၇၉၂၀ ရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများတွင် ၀န်ကြီးချုပ် တစ်ဦးအတွက် လစဉ်ချီးမြှင့်ငွေမှာ ကျပ်သိန်း ၃၀ ဖြစ်ပြီး ၀န်ကြီးချုပ် ၁၄ ဦးအတွက် ကျပ်သိန်း ၄၂၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး တစ်ဦးအတွက် လစဉ်ချီးမြှင့်ငွေမှာ ကျပ်သိန်း ၂၀ ဖြစ်ပြီး ၀န်ကြီး ၁၂၆ ဦးအတွက် လစဉ်ချီးမြှင့်ငွေမှာ ကျပ်သိန်းပေါင်း ၂၅၂၀ ဖြစ်သည်။ တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်ဦးအတွက် လစဉ်ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းဖြင့် ၀န်ကြီး ၂၈ ဦးအတွက် ကျပ်သိန်း ၂၈၀ ဖြစ်သည်။ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်အတွက် လစဉ်ချီးမြှင့်ငွေမှာ ကျပ်သိန်း ၂၀ စီ ဖြစ်သဖြင့် ကျပ်သိန်း ၄၀ ဖြစ်သည်။ ဘဏ္ဍာနှစ် တစ်နှစ်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်တို့၏ လစာချီးမြှင့်ငွေသည် ကျပ်သိန်းပေါင်း ၃၉၁၂၀ ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်ကို ကြည့်လျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့၏ လစဉ်ချီးမြှင့်ငွေမှာ ကျပ် ၃၅ သိန်း၊ ဒုတိယ ဥက္ကဋ္ဌများ၏ လစဉ်ချီးမြှင့်ငွေမှာ ကျပ်သိန်း ၃၀၊ အသီးသီး ရှိသဖြင့် စုစုပေါင်း ကျပ်သိန်း ၁၃၀ ရှိသည်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၆၆၄ ဦးအနက် ဥက္ကဋ္ဌများနှင့် ဒုဥက္ကဋ္ဌများ မပါရှိလျှင် ၆၆၀ ဦးရှိသည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက် လစဉ်ချီးမြှင့်ငွေ ကျပ်သုံးသိန်းနှင့်တွက်လျှင် ကျပ်သိန်းပေါင်း ၁၉၈၀ ခန့် လစဉ်ကုန်ကျမည် ဖြစ်ပြီး၊ ဘဏ္ဍာနှစ် တစ်နှစ်အတွက် ချီးမြှင့်ငွေ စရိတ်မှာ ကျပ်သိန်းပေါင်း ၂၅၃၂၀ ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များကို ကြည့်လျှင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအတွက် လစဉ်ချီးမြှင့်ငွေသည် ကျပ်သိန်း ၃၀၊ ဒုတိယ ဥက္ကဋ္ဌအတွက် ကျပ်သိန်း ၂၀၊ စုစုပေါင်း သိန်း ၅၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအတွက် ကျပ်သိန်း ၇၀၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၅ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၂၂ ဦး၊ စုစုပေါင်း ၈၈၇ ဦးအတွက် တစ်လချီးမြှင့်ငွေ နှစ်သိန်းဖြင့် တွက်ချက်လျှင် ကျပ်သိန်းပေါင်း ၁၇၇၄ ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် လစဉ်ချီးမြှင့်ငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၂၄၇၄ ဖြစ်သည်။ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် ချီးမြှင့်ငွေ ကျပ်သိန်းပေါင်း ၂၉၆၈၈ ကုန်ကျသည်ကို တွေ့ရသည်။

ဘဏ္ဍာနှစ် တစ်နှစ်အတွက် ချီးမြှင့်ငွေ ခန့်မှန်းကုန်ကျ စရိတ်ကို တွက်ချက်လျှင် ပြည်ထောင်စု အစိုးရ အဖွဲ့သည် ကျပ်သိန်းပေါင်း ၆၄၈၀၀၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် ကျပ်သိန်းပေါင်း ၇၉၂၀၊ ပြည်ထောင်စု လွှတ်တော်သည် ကျပ်သိန်းပေါင်း ၂၅၃၂၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ကျပ်သိန်းပေါင်း ၃၉၁၂၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ကျပ်သိန်းပေါင်း ၂၉၆၈၈ ရှိပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၁၆၆၈၄၈ ဖြစ်သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီများ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်တွင် ဆွေးနွေးရန် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က နိုဝင်ဘာ ၄ ရက် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး၌ တင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ ၀င်ငွေခွန် ကင်းလွတ်ခွင့်ကို ပယ်ဖျက်ရန်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ လစဉ်ချီးမြှင့်ငွေ ကျပ်ရှစ်သိန်း၊ ကောင်စီဝင်၏ လစဉ်ချီးမြှင့်ငွေ ကျပ်ခြောက်သိန်းဟု ဖြည့်စွက်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ၏ လစဉ်ချီးမြှင့်ငွေ ကျပ်ခြောက်သိန်း၊ ကော်မတီဝင်ကို ကျပ်လေးသိန်း ပြင်ဆင်ရန်တို့ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက လေ့လာတွေ့ရှိခဲ့ကြောင်း လွှတ်တော်သို့ တင်သွင်းခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးသို့ နိုင်ငံတော် သမ္မတထံမှ သ၀ဏ်လွှာ ပေးပို့ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေကို အသင့်အတင့် တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ လစဉ်ချီးမြှင့်ငွေ အသီးသီးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရည်ညွှန်းဥပဒေများနှင့်အညီ ခံစားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိ ခဲ့သည်။

အနိမ့်ဆုံး အစိုးရ၀န်ထမ်း၊ ရုံးအကူ၏ လစာ ၅၅၀၀၀ ကျပ်သည် သမ္မတ ချီးမြှင့်ငွေ၏ အဆပေါင်း ၉၀ ကျော်၊ ဒုတိယ သမ္မတ ချီးမြှင့်ငွေ၏ ၇၂ ဆ၊ လွှတ်တော်ဥက္ကဋ္ဌ ချီးမြှင့်ငွေ၏ ၆၃ ဆ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဥက္ကဋ္ဌများ ချီးမြှင့်ငွေ၏ ၅၄ ဆ ကွာခြားနေသည်ကို တွေ့ရသည်။

ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးအဆင့် အစိုးရ အဖွဲ့များ၏ ဘဏ္ဍာရေး တစ်နှစ်အတွက် ခန့်မှန်းချီးမြှင့်ငွေ စုစုပေါင်းသည် ကျပ်သိန်းပေါင်း ၁၁၁၈၄၀ ရှိသဖြင့် ဘဏ္ဍာနှစ် တစ်နှစ်အတွက် အစိုးရများနှင့် လွှတ်တော်များ စုစုပေါင်း ချီးမြှင့်ငွေ၏ သုံးပုံနှစ်ပုံ ရှိသည်ကို တွေ့ရှိရသည်။ အကယ်၍ သမ္မတ၊ ဒုတိယ သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ၀န်ကြီးများ အပါအ၀င် ပြည်ထောင်စုနှင့် ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၏ ချီးမြှင့်ငွေများ၊ စရိတ်နှင့် အဆောင်အယောင်များကို ပြန်လည်ပြင်ဆင် လျှော့ချနိုင်မည်ဆိုလျှင် ပိုလျှံလာမည့် ပြည်သူ့ဘဏ္ဍာငွေကို အခြားသင့်တော်သည့် နေရာများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လစဉ်ချီးမြှင့်ငွေကို ကျပ်သုံးသိန်းမှ ကျပ်ခြောက်သိန်းအထိ တိုးမြှင့်တောင်းဆိုရန် ပြင်ဆင်လျက် ရှိသည်ကို ကြားသိရသည်။ လွှတ်တော်ကိုယ်စားလှယ်အတွက် တစ်လချီးမြှင့်ငွေ ကျပ်သုံးသိန်းသည် နည်းသည်ဟု ဆိုနိုင်ပြီး ကျပ်ခြောက်သိန်း တိုးတောင်းသည်ကိုလည်း များသည်ဟု မသတ်မှတ်နိုင်ပါ။ သို့သော် အောက်ခြေ ပြည်သူလူထု အများစုကြီးသည် ဆင်းရဲမွဲတေမှု နွံထဲတွင် နစ်မြုပ်နေသည့် မျက်မှောက်ခေတ်တွင် ချီးမြှင့်ငွေကို တိုးတောင်းခြင်းကို ဆင်ဆင်ခြင်ခြင် ပြုသင့်သည်ဟု ထင်မြင်မိသည်။

လွှတ်တော်ကိုယ်စားလှယ် ချီးမြှင့်ငွေ ကျပ်သုံးသိန်းသည် သမ္မတ ချီးမြှင့်ငွေ၏ ခြောက်ရာခိုင်နှုန်း၊ ဒုတိယသမ္မတ ချီးမြှင့်ငွေ၏ ၇ ဒသမ ၅ ရာခိုင်နှုန်း၊ လွှတ်တော်ဥက္ကဋ္ဌ ချီးမြှင့်ငွေ၏ ၈ ဒသမ ၅ ရာ ခိုင်နှုန်း၊ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဥက္ကဋ္ဌ ချီးမြှင့်ငွေ၏ ၁၀ ရာခိုင်နှုန်း၊ ဒုတိယ၀န်ကြီး သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီး ချီးမြှင့်ငွေ၏ ၁၅ ရာခိုင်နှုန်းသာ ရှိသဖြင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအကြား ချီးမြှင့်ငွေ ကွာဟမှုကြီးသည် မြင့်မားလွန်းသည်ကို သတိပြုမိသည်။

နိဂုံး
အချုပ်အားဖြင့်ဆိုသော် လွှတ်တော်ကိုယ်စားလှယ်များသည် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်တွင် ဆွေးနွေးသောအခါ အစိုးရ အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ပြန်လည်ပြင်ဆင်နိုင်ရန် ဆွေးနွေးရမည် ဖြစ်သည်။ တိုင်းပြည်၏ အနိမ့်ဆုံး အစိုးရ ၀န်ထမ်းလစာ၊ အခြားအစိုးရ ၀န်ထမ်းလစာများ၊ နေ့စား အလုပ်သမားလစာ၊ ကုမ္ပဏီဝန်ထမ်း လစာများသည် နိုင်ငံတကာ အဆင့်အတန်းနှင့် အလှမ်းဝေးနေသည့် အချိန်တွင် အစိုးရအဖွဲ့၏ ချီးမြှင့်ငွေများသည် နှိုင်းယှဉ်ချက်အရ အလွန်အမင်း မြင့်မားနေခြင်းကို သုံးသပ်လျှော့ချ သင့်ပါကြောင်းနှင့် ဆင်းရဲမွဲတေမှု နွံနစ်လျက် စီးပွားရေးအရ ကွဲပြဲနေသော ပြည်သူလူထု၏ မျက်နှာကို စာနာထောက်ထားလျက် မဖြစ်မနေ ထိန်းညှိသင့်ပါကြောင်း စေတနာ အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။
ဒေါက်တာရန်မျိုးသိမ်း
Eleven Media Group