Saturday, December 21, 2013

စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များတွင် ကျဆုံးသွားသောနိုင်ကျဉ်းများအတွက်ဂုဏ်ပြုပွဲ ဇန်န၀ါရီလ ၂ရက် ပြုလုပ်မည်

အင်းစိန်အကျဉ်းထောင်ကိုတွေ့ရစဉ်ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
Sat, 2013-12-21 15:22
၁၉၈၈ခုနှစ်ကာလမှ ယနေ့အထိ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်များ အတွင်း ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသားများအား ပထမအကြိမ်ဂုဏ်ပြုပွဲကို ၂၀၁၄ခုနှစ် ဇန်န၀ါရီ ၂ရက် မွန်းလွဲ ၁နာရီမှ ၃နာရီအထိ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၊ သီရိခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များအတွင်းကျ ဆုံးသွား သည့်နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ဦးမောင်ကို၊ ကိုသက်ဝင်းအောင်၊ ဦးတင်မောင်ဝင်း၊ ဦးစိန်ဝင်း၊ မန်းဒါဝိတ်၊ ကိုအောင်လှိုင်ဝင်းတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၅၄ဦး၏ မိသားစုများအား တစ်ဦး လျှင်ငွေကျပ် ၁၀သိန်းနှင့် ဂုဏ်ပြုပွဲပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များအတွင်း ကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်းနှင့် ဓာတ်ပုံများကိုဗီနိုင်းပိုစတာများပြုလုပ်၍ ဂုဏ်ပြုပွဲအခမ်းအနားတွင် ချိတ်ဆွဲ ဖော်ပြသွားမည်ဟုသိရသည်။ ““သူတို့တွေဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက်တိုက် ပွဲဝင်ရင်း ကျဆုံးသွားတဲ့လူတွေဖြစ်တယ်။ တော်တော်များများဟာ စစ်ထောက်လှမ်းရေးရဲ့ နှိပ်စက်ညှဉ်း ပန်းမှုတွေကို စစ်ကြောရေးတွေမှာခံရတယ်။ တချို့တွေသေဆုံးသွားတယ်။ တချို့တွေက အဲဒီဒဏ်တွေ နဲ့ပဲအကျဉ်းထောင်တွေထဲမှာ ပြန်နေရင်းနဲ့သေဆုံးသွားတာတွေရှိတယ်။ ဒါကိုလည်း မီးမောင်းထိုးပြချင်ပါ တယ်။ သူတို့ရဲ့မိသားစုတွေကို ဒီလိုမျိုးဂုဏ်ပြုခြင်းအားဖြင့် သူတို့ရဲ့ လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်းကြားထဲ မှာ စိတ်ပိုင်းဆိုင်ရာပိုတိုးတက်လာစေဖို့အတွက် အဓိကရည်ရွယ်ပါတယ်””ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP ၏တွဲ ဖက်အတွင်းရေးမှူးဦးဘိုကြည်ကပြောသည်။ ၁၉၈၈ခုနှစ်ကာလမှ ယနေ့ အထိစစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များအတွင်း ကျဆုံး သွားသော နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၅၉ဦးရှိကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့ ( FPPs )နှင့် နိုင်/ကျဉ်းဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ( AAPP ) တို့ပူးပေါင်းစာရင်းကောက် ယူချက်များအရ သိရှိရသည်။

““ခုပွဲမှာကျဆုံးနိုင်ငံရေးအကျဉ်းသား ၅၄ဦးကိုပေးမယ်။ ပြီးတော့ခုပွဲမှာမပါဘဲကျန်ခဲ့တဲ့ကျ ဆုံးနိုင်ငံရေး အကျဉ်းသား ၁၁ဦးကို ဒုတိယအကြိမ်ဂုဏ်ပြုပွဲမှာ ဦးစားပေးအနေနဲ့ စာရင်းမှာထည့်ထားတယ်””ဟု နိုင် ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ရုံးအဖွဲ့ဝင်ဦးဇော်လင်းအောင်ကပြောသည်။ ဂုဏ်ပြုပွဲအခမ်းအနားကို FPPs နှင့် AAPP တို့ ပူးပေါင်းစီစဉ်ထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်ရစ်သူ မိသားစုများသည် ကျဆုံးသွားသည့် အကျဉ်းထောင်၊ အချိန်နှင့် ကျန်ရစ်သူမိသားစုများ၏ အထောက်အ ထားများကိုယူဆောင်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရုံးခန်းသို့ ဆက်သွယ်လာရောက် စာရင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
7Day Daily