Tuesday, December 10, 2013

အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ အင်ဒိုနီးရှားအား လက်ရှိချန်ပီယံ ထိုင်း အနိုင်ရ အိမ်ရှင် မြန်မာအသင်းကို ဗီယက်နမ် ဂိုးပြတ်နိုင်

နေပြည်တော်၊ ဒီဇင်ဘာ ၁၀
ယမန်နေ့က နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ ဖူဆယ်အားကစားရုံ၌ စတင်ကျင်းပသော အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံထိုင်းနှင့်အင်ဒိုနီးရှား၊ အိမ်ရှင် မြန်မာနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ခဲ့ရာ ထိုင်းက ၄-၀ဂိုး၊ ဗီယက်နမ်က ၆-၀ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရခဲ့သည်.
ထိုင်းနှင့် အင်ဒိုနီးရှားပွဲ၌ ပွဲအစ ၃ မိနစ်တွင် ထိုင်းအသင်းမှ Jiraprapa မှ ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး ၁၀ မိနစ်တွင် ဒုတိယဂိုးအား Pacharapornက Jiraprapa ပေးပို့မှုမှ သွင်းယူခဲ့သည်။ တတိယဂိုးကို Darika သွင်းယူပြီး ပထမပိုင်းအပြီး ထိုင်းက အင်ဒိုနီးရှားအား ၃-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်းက ဆက်လက် ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၆ မိနစ်တွင် Orathai မှ ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၃၀ မိနစ်တွင် အင်ဒိုနီးရှားမှ နှစ်သိမ့်ချေပဂိုးရရှိရန် အခွင့်ရေး ရခဲ့သော်လည်း လွဲချော်ခဲ့သည်။ ပွဲပြီးဆုံးချိန်အထိ အင်ဒိုနီးရှားမှ ချေပဂိုးများ မသွင်းနိုင်သောကြောင့် ထိုင်းအသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရ ရှိသွားသည်။

အိမ်ရှင်မြန်မာအမျိုးသမီး ဖူဆယ်အသင်းသည် ၂၀၁၁ ဒုတိယဆုရ ဗီယက်နမ်အသင်းအား ပွဲအစ ၂မိနစ် အတွင်း နှစ်ဂိုးပြတ် အရေးနိမ့်နေခဲ့ပြီး ဗီယက်နမ်မှ Thi Huyen Linh Vu နှင့် Thi Chau Nguyen တို့ နှစ်ဂိုး ဆက်တိုက် သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်အတွက် တတိယဂိုးကို ပွဲချိန် ၅ မိနစ်တွင် Thi Thuy Trang၊ ၁၂ မိနစ်တွင် စတုထ္ထဂိုး၊ ပထမပိုင်းပြီးရန် ၃၁ စက္ကန့်အလိုတွင် ဦးဆောင် ဂိုးသွင်းခဲ့သော Thi Huyen linh Vu က ပဉ္စမမြောက် ဂိုးအား ထပ်မံသွင်းယူခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် ၇ မိနစ်တွင် Thi Huyen linh Vu ပင် ဗီယက်နမ်အတွက် ဆဋ္ဌမမြောက်ဂိုးကို သွင်းယူ ခဲ့ပြီး ပွဲပြီးချိန်အထိ မြန်မာအသင်းမှ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခြင်းမရှိပဲ ဗီယက်နမ်အသင်းအား ဂိုးပြတ်ဖြင့်ရှုံးနိမ့် ခဲ့သည်။

“ပထမပိုင်းမှာ ၅ ဂိုး ပေးလိုက်ရတယ်။ အဲဒီရလဒ်က မြန်မာအသင်းရဲ့ ပုံမှန်ခြေစွမ်း မဟုတ်ပါဘူး။ ဒုတိယ ပိုင်းက တကယ့်ခြေစွမ်းပါ။ ကစားသမားတွေ အကုန်လုံးက စိတ်လှုပ်ရှားနေတယ်။ ပွဲပြီးခါနီးမှာ ဖိအားတွေ အရမ်းများ သွားတယ်။ အကုန်လုံးက အိမ်ရှင်နိင်ငံဖြစ်တဲ့အတွက် တစ်ဂိုးတော့ အနည်းဆုံး ရချင်တယ်။ ကျွန်တော် ကတိပေးပါတယ်။ မြန်မာအသင်းအနိုင်ရအောင် ကြိုးစားမှာပါ”ဟု မြန်မာအမျိုးသမီး ဖူဆယ်နည်းပြ ဂျပန်လူမျိုး Konishi က ပြောသည်။

အသင်းခေါင်းဆောင် သူဇာထွေးက “ဒီနေ့ ရှုံးခဲ့ရတာ တစ်သင်းလုံးရဲ့ အမှားတွေကြောင့်ပါ။ အမှားတွေကို ပြန်ပြင်ဆင်ပြီး ပိုကောင်းအောင် ကြိုးစားသွားမှာပါ ”ဟု ပြောကြားခဲ့သည်။

ဗီယက်နမ် အမျိုးသမီးအသင်းခေါင်းဆောင် Thi Thanh Nguyen က “အနိုင်ရခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ရွေရကို ရမယ်လို့မှန်းပြီး ပြိုင်တာမဟုတ်ပါဘူး။ ဗိုလ်လုပွဲအထိရောက်ခဲ့ရင်တော့ ရွေရအောင် ကြိုးစားမှာပါ ”ဟု ပြောသည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၁၂ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗီယက်နမ် အသင်းမှာ အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
သိမ့်သဉ္ဖာဇင်
27th SEA Games Daily News