Sunday, December 8, 2013

မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းကြီး၏ ရုပ်တုတော် ထုလုပ်ပြီးစီး

မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းကြီး၏ ရုပ်တုအား အချောသပ် လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်း ရုပ်တုအား ဆုတောင်းပြည့် ဘုရားတွင် အထိမ်းအမှတ်အဖြစ် ထားရှိနိုင်ရန် ထုလုပ်လျက်ရှိရာ ပြီးစီးပြီဖြစ်၍ မကြာမီ အဆိုပါ ဘုရားတွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းတုန်းမင်း ရုပ်တုကို ချမ်းမြသာစည်မြို့နယ် တမ္ပ၀တီရပ် ပြည့်ဝမြန်မာမှု ကြေးသွန်းလုပ်ငန်းမှ တာဝန်ယူ သွန်းလောင်းလျက်ရှိပြီး စစ်သူကြီး မဟာဗန္ဓုလနှင့် မလွန်မင်းသား၊ မင်းသမီး ရုပ်တုများကိုလည်း ပြိုင်တူထုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

"မင်းတုန်းမင်း၊ ဗန္ဓုလ၊ မလွန်မင်းသားနဲ့ မလွန်မင်းသမီး အင်္ဂတေ ရုပ်တုလေးရုပ်ကို လူအရွယ်အစားအတိုင်း ထုလုပ်ပေးဖို့ လက်ခံထားတယ်။ လာမယ့် ဇန်န၀ါရီ လကုန်ပိုင်းလောက်ကို အပြီးထုလုပ် ပေးရမှာပါ။ သမိုင်းဝင် ရုပ်တုတွေ ဖြစ်တဲ့အတွက် ထုလုပ်တဲ့ နေရာမှာ အရမ်းဂရု စိုက်ရတယ်။ ရှေးဟောင်းမှတ်တမ်း ဓာတ်ပုံနဲ့ အချက်လက်တွေကို စုဆောင်းလေ့လာပြီး ထုလုပ်ရတဲ့အတွက် အချိန်တော့ ပေးရတယ်" ဟု ပြည့်ဝမြန်မာမှု ကြေးသွန်းအနုပညာ လုပ်ငန်းမှ ကိုအောင်အောင်က ပြောကြားသည်။

အဆိုပါ အင်္ဂတေ ရုပ်တုများအား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဟေမာဇလ၊ ငပယင်းရပ်ကွက် ၇၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဆုတောင်းပြည့် မြတ်စွာဘုရား၌ အထိမ်းအမှတ်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆုတောင်ပြည့် ဘုရားရဲ့ ဘုရားဒါယကာကြီး မင်းတုန်းမင်းကို ရည်ရွယ်ပြီး အထိမ်းအမှတ် အနေနဲ့ ထားရှိဖို့ စီစဉ်ခဲ့တာပါ။ မလွန်မင်းသားကြီးက ကြီးကြပ်ထုလုပ် ခဲ့တဲ့အတွက် မလွန်မင်းသား ရုပ်တုကို ထည့်သွင်းထုလုပ်တာပါ။ ရှေးတုန်းက ဒီဘုရားကုန်းမြေမှာ စစ်သူကြီး မဟာဗန္ဓုလ တပ်စွဲခဲ့တယ်လို့ သမိုင်းရှိခဲ့တွက် ဗန္ဓုလရုပ်တုကိုပါ အထိမ်းအမှတ်အဖြစ် ထားရှိသွားဖို့ စီစဉ်ဖြစ်ခဲ့တာပါ" ဟု ဆုတောင်းပြည့် ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစိန်မှုက ပြောကြားသည်။
Eleven Media Group