Tuesday, December 10, 2013

ပန်ကြပ်ဆီလတ် ၆၅-၇၀ ကီလိုတန်းမှ ကျော်စွာဝင်း ဒိုင်ပွဲရပ်ဖြင့် အင်ဒိုနီးရှားမှ အာဖရီယန်ဆီယာကို အနိုင်ရ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀
ယမန်နေ့က ဇေယျာသီရီအားကစားရုံ(စီ)၌ ဆက်လက်ကျင်းပသော ပန်ကြပ်ဆီလတ်အားကစားပြိုင်ပွဲ ဒုတိယနေ့တွင် Class-E (၆၅-၇၀ ကီလိုတန်း)၌ ပါဝင်ယှဉ်ပြိုင်သည့် အိမ်ရှင် မြန်မာမှ ကျော်စွာဝင်းနှင့် အင်ဒိုနီးရှားမှ Afriansyahတို့ ပွဲစဉ်တွင် ကျော်စွာဝင်း အပြင်းအထန်ဒဏ်ရာရရှိပြီ ထမ်းစင်ဖြင့် ထုတ်ရသော်လည်း ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။

ပထမအချီ အစ၌် တစ်ဦးနှင့်တစ်ဦး အမှားစောင့်ကာ ချောင်းမြောင်း တိုက်ခိုက်နေခဲ့ပြီး တစ်မိနစ် ကျော်တွင် မြန်မာက အောင်မြေစတင်ရရှိကာ အမှတ်အသာဖြင့် ဦးဆာင်ထားနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်း ပြစ်ဒဏ်သုံးကြိမ်ပေးရသောကြောင့် ပထမအချီအပြီး ကျော်စွာဝင်း အမှတ်နိမ့်ဖြင့် ရှုံးနေခဲ့သည်။ အာဖရီယန်ဆီယာက ထိုးခွင့်မရသော မျတ်နှာကို တိုက်ခိုက်ရာ ထိခိုက်မိသော်လည်း ဒိုင်များမတွေ့ရှိပေ။ ယင်းအပြင် ပထမပိုင်းပြီးကြောင်း ဒိုင်က ရပ်ထားသော်လည်း ဆက်လက် တိုက်ခိုက်သောကြောင့် နှစ်ဦးလုံးကို နောက်ဆုံး သတိပေးခဲ့သည်။

ဒုတိယပိုင်း ပြန်စသောအခါ နောက်ပိုင်း အင်ဒိုက မြန်မာ၏ ခြေထောက်ကို ချုပ်ကာ မထိုးရသော မျတ်နှာကို ထိုးသောကြောင့် ဒိုင်ငါးဦးက အာဖရီယန်ဆီယာကို ပြစ်ဒဏ်အနေဖြင့် အမှတ်လျော့ခဲ့ သည်။ ကျော်စွာဝင်းက ပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်သောကြောင့် စည်းကမ်းအရ အပြစ်လုပ်သူ အာဖရီယန်ဆီယာ အရှုံးပေးရပြီး၊ ကျော်စွာဝင်းကို ဒိုင်များက အနိုင်ပေးလိုက်သည်။

မြန်မာအသင်းနည်းပြ ဒေါ်ချောစုသိန်းက “ပထမတစ်ကြိမ် ဒိုင်ရပ်ထားပေးမယ့် နှစ်ဦးလုံး ထိုးကြတဲ့အတွက် နှစ်ဦးလုံးကို အပြစ်ပေးပြီးပြီ။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာတော့ အာဖရီယန်ဆီ ယာက ခြေထောက်ကို ချုပ်ပြီး မျတ်နှာကို ထိုးတာပါ၊ ပြစ်ဒဏ်ကြီးပါတယ်။ ဒါကြောင့် ဒိုင်တွေက အနိုင်ပေးတာလို့ ထင်တယ်”ဟု ပြောသည်။

ကျော်စွာဝင်းကို ဒိုင်များ အနိုင်ပေးပုံနှင့် ပတ်သတ်၍ ဒိုင်အဖွဲ့ဝင် ဒေါ်တင်တင်အေးက “ပန်ကြပ်ဆီလတ် အားကစားမှာ တားမြစ်နေရာတွေကို လုံးဝထိုးလို့မရပါဘူး။ တကယ်လို့ထိုးခဲ့ရင် တစ်ဖတ်လူက ပြန်လည် မထိုးနိုင်ရင် ဒိုင်ပွဲရပ်နဲ့ ထိုးတဲ့သူက အရှုံးပေးရတယ်”ဟု ရှင်းပြခဲ့သည်။

ဆေးကုသပြီး ဒဏ်ရာမှ သက်သာလာသော ကျော်စွာဝင်းက “သူက တားမြစ်ဧရိယာကို ချုပ်ပြီး မျက်နှာကို ထိုးလို့ ဒိုင်တွေက အနိုင်ပေးတာပါ။ ကျွန်တော်လဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိတယ်။ ဘာပဲပြောပြော ကျွန်တော်ပျော်ပါတယ်။ နောက်တစ်ပွဲက ဗီယမ်နမ်နဲ့ဆိုတော့ ကြိုတင်ပြင်ဆင်ရဦးမယ်”ဟု ပြောခဲ့သည်။

ကျော်စွာဝင်း ပါဝင်သော Class-E တွင် နိုင်ငံပေါင်း (၇)နိုင်ငံမှ ကစားသမား(၇)ဦး ပါဝင်ယှဉ်ပြိုင်သည်။ Class-E ပထမပွဲတွင် လာအိုနှင့် ဗီယမ်နမ်တို့ ယှဉ်ပြိုင်ရာ ဗီယမ်နမ်က အောင်လံငါးခုဖြင့် အနိုင်ရရှိသည်။ ဒုတိယပွဲတွင် စင်ကာပူနှင့်ထိုင်းတို့ ထပ်မံယှဉ်ပြိုင်ကြရာ ထိုင်းက အောင်လံလေးခုဖြင့် အနိုင်ရရှိသည်။

ဒီဇင်ဘာ (၁၀)ရက်နေ့ ပြိုင်ပွဲ အနိုင်အရှုံးများအရ အကြိုဗိုလ်လုပွဲတွင် အိမ်ရှင်မြန်မာသည် ဆီမီးဖိုင်နယ်တွင် ဗီယမ်နမ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ထိုင်းက ဆီးမီးတွင် bye ဖြင့် စောင့်နေသော အထူးနံပါတ်(၁)မလေးရှားနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြတ်ကိုကိုဝင်း
27th SEA Games Daily News