Monday, December 2, 2013

လက်ကျန်နိုင်ငံရေးအကျဉ်းသား ၈၂ ဦး နှစ်ကုန်တွင် လွှတ်ပေးနိုင်ရေး သမ္မတထံ တင်ပြမည်

အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီ၏စာရင်းတွင် ကျန်ရှိနေသေးသည့် အကျဉ်းသား ၈၂ ဦးကို ဒီဇင်ဘာ ၇ ရက်တွင် စတင် စိစစ်ကာလကုန်တွင် သမ္မတထံ တင်ပြသွားမည်ဟု နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲအောင်က မဇိ္ဈမကို ပြောသည်။

“နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လား၊ မသတ်မှတ်ဘူးလား လွှတ်ဖို့ မလွှတ်ဖို့ကို သူတို့က စိစစ် မယ်ပြီးရင် သမ္မတထံ တင်မယ်။ အခုနောက်ဆုံး ကောက်ထားတာကတော့ ၈၂ ဦးပဲ၊ ကျန်တဲ့သူတွေ ရှိနေမှာကိုတော့ စိုးရိမ်တယ်၊ ရှိနေသေးရင်တော့ ကျွန်တော်တို့ ထပ်တင်ပြသွားမယ်” ဟု ဦးရဲအောင် က ပြောသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများ ဖြစ် သည့် နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်နှင့် ဗဗဏဏတို့က စာရင်းကောက်ယူထားခြင်း ဖြစ် သည်။ အဆိုပါ အကျဉ်းသားများကို နိုင်ငံရေး အကျဉ်းသားများအဖြစ် သတ်မှတ်ခြင်းရှိ၊ မရှိ ပြည်ထောင် စုဝန်ကြီး ဦးစိုး သိန်း ဦးစီးသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီက စိစစ်မည်ဖြစ်သည်။ ကော်မတီစာရင်းအရ အကျဉ်းသား ၈၂ ဦးတွင် ပြစ်ဒဏ်အများဆုံး ချမှတ်ခံထားရသည့် ငါးကျွန်းကျ အကျဉ်းသားများ အပါအ၀င် နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံနေရသူများလည်း ပါဝင်သည်ဟု ဦးရဲအောင်က ဆိုသည်။

ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည်ဟု သမ္မတက ကတိပြုပြီးဖြစ်သည်။ ထို့အတူ နိုင်ငံရေးအကျဉ်းသား လက်ကျန်စာရင်းကို ဒီဇင်ဘာလ ၃၀ ရက်အထိ စာရင်းပေးသွင်းရန်လည်း သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက တိုက်တွန်းထားသည်။

ယခင်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများမရှိဘဲ ယုံကြည် ချက် ကြောင့် အကျဉ်းကျနေသူများသာ ရှိသည်ဟု သုံးနှုန်းခဲ့ရာမှ ဦးသိန်းစိန် အစိုးရလက်ထက် တွင် နိုင်ငံရေး အကျဉ်းသားဟူသည့် အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲလာပြီးနောက် နိုင်ငံရေးအကျဉ်း သားများကို လွတ် ငြိမ်းချမ်းသာခွင့်များတွင် ထည့်သွင်းလွတ်မြောက်ခွင့် ပေးလာခဲ့သည်။

ယင်းအပြင် သမ်္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း ရှစ်လေးလုံးငွေရတုအခမ်းအနားပွဲတက် ရောက် စဉ် နိုင်ငံရေးအကျဉ်းသားဟောင်းများ လွှတ်ပေးရေးနှိုးဆော်သည့် စာမျက်နှာတွင် အသိအမှတ် ပြု လက်မှတ်ရေးထိုးခဲ့သည်။
နန်းလွင်နှင်းပွင့်
Mizzima - News in Burmese