Thursday, December 5, 2013

သူရိယနေ၀န်းဂျာနယ်ကိစ္စ တိုင်ကြားချက်မရှိ လွတ်လပ်စွာဝေဖန်နိုင်ကြောင်း ဦးမိုးဟိန်းဆို

ရန်ကုန်၊ ဒီဇင်ဘာ-၎
သူရိယနေ၀န်းဂျာနယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)က ဖွဲ့စည်းထားသော တိုင်ကြားချက်များ ဖြေရှင်းပေး ရေးကော်မတီ (Complain Committee) သို့ တိုင်ကြားမှုတစ်ခု မျှ ရောက်ရှိမလာသေးကြောင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ဒီဇင်ဘာ ၄ရက်တွင် စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်း၌ မီဒီယာ များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

"အခုချိန်ထိ ကောင်စီကို သူရိယနေ၀န်းဂျာနယ်နဲ့ ပတ်သက်ပြီး တိုင်ကြားမှု ဘာတစ်ခုမျှ မရှိသေးပါဘူး။ စာနယ်ဇင်းကောင်စီရဲ့ လမ်းကြောင်းအရလည်းကောင်စီကို မတိုင်ကြားရင် ခေါ်ယူပြောဆို ဆွေးနွေး မှု ပြုလုပ်မှာ မဟုတ်ပါဘူး။ တိုင်ကြားလာရင်တော့ နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းပေးတဲ့ လမ်းကြောင်း အတိုင်းသွားပါတယ် " ဟု ဦးကျော်မင်းဆွေက ရှင်းပြသည်။ မြန်မာစာနယ်ဇင်းလောကသားများ ကျင့် ၀တ်စံနှုန်းများ မြှင့်တင် ရေးအတွက်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နှင့် အပြည်ပြည်ဆိုင်ရာ
မီဒီယာ ထောက်ပံ့ကူညီရေးတို့ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာရေး ထိုးပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သူရိယနေ၀န်းဂျာနယ်ကို အ၀ါ ရောင်သတင်းစာပညာဟု ပြောဆိုကာ တရားစွဲမည်ဟု မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက တရားဝင်ပြောကြားထားသည်။ သူရိယ နေ၀န်းဂျာနယ်ကို အ၀ါရောင် ဆန်သော အရေးအသားများနှင့် အ၀ါရောင် သတင်းစာပညာဟုဝေဖန်မှုများလည်း ထွက်ပေါ် လျက်ရှိသည်။

" ကျွန်တော်တို့ တိုင်ကြားချက် ဖြေရှင်းရေးကော်မတီကို ဖွဲ့စည်းပြီး နောက် ပထမဆုံး ကန့်ကွက်ခဲ့ တာ ပြန်ကြားရေး ၀န်ကြီးဌာနကပါ။ အား ကစားဂျာနယ်တွေမှာ လောင်းကစား ဆန်တဲ့အရေးအသားတွေ ထည့်တယ်။ အနုပညာဂျာနယ်တွေမှာ Sexy ပုံတွေ ထည့်တယ်ဆိုပြီး ကွန်ပလိန်းပေါင်း များစွာတက် တဲ့ ပြန်ကြားရေးက ခုချိန်ထိ သူရိယနေ၀န်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှမတက်ဘူး။ ဒီကိစ္စက ပြန် ကြားရေးက သူရိယနေ၀န်းကို ကြောက် နေလို့လား။ အချင်းချင်းမို့လို့လားလို့ မေးစရာရှိတယ်။ ကွန်ပလိန်းများစွာ အတက်ဆုံးဖြစ်တဲ့ ပြန်ကြားရေးက အခုအချိန် ထိ သူရိယနေ၀န်းနဲ့ ပတ်သက်ပြီး ခုချိန်ထိ ဘာတစ်ခုမှ တက်မလာဘူး" ဟု စံတော်ချိန်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်၏ အရေးအသား၊ ဖော်ပြပုံများနှင့် ပတ်သက်၍ အ၀ါရောင်သတင်းစာပညာဆန်သော အရေးအသားဟု ဝေဖန်မှုများ ထွက်ပေါ် လျက်ရှိရာ လွတ်လပ်စွာ ဝေဖန်နိုင် ကြောင်း သူရိယနေ၀န်း စီအီးအို ဦးမိုးဟိန်းက ပြောဆိုခဲ့သည်။

" ဝေဖန်ကြပါစေ။ ဝေဖန်တဲ့လူ တွေကို စိတ်မဆိုးပါဘူး။ အ၀ါရောင် သတင်းစာပညာကို အဓိပ္ပာယ်ဖွင့်တဲ့ အခါ နိုင်ငံခြားမှာ နာမည်ကြီးတွေရဲ့ အတင်းအဖျင်းတွေကို လိုက်လံချောင်းမြောင်း သတင်းယူ
ဖော်ပြတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ဒီလိုမဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်တို့ ဂျာနယ် အဖုံးမှာ အရောင်ကို အ၀ါရောင်သုံး ထားပါတယ်။ စိတ်ပညာအရရော၊နိုင်ငံရေး ခံယူချက် အရပါ အ၀ါရောင်ကို သုံးတာဖြစ် တယ်။ ကျွန်တော်က မီဒီယာသမားသက်သက် မဟုတ်ဘူး။ နိုင်ငံရေးသမား မီဒီယာသ မားဖြစ်တယ်။ ကျွန်တော်တို့မှာ နိုင်ငံရေး စိတ်ဓာတ်ရှိတယ်။ ပြည်သူ့ဘက်က ရပ်တည်ချင်တဲ့ စိတ်ဓာတ်ရှိတယ်။ ပြည်သူသိသင့် သိထိုက်တဲ့ အကြောင်းအရာ တွေကို ဖော်ပြချင်တယ်။ ကျွန်တော် ခံယူထားတဲ့ အ၀ါရောင်က ပြည်သူ ကောင်းစားရေးကို အကျိုးပြုတဲ့ နိုင်ငံရေး သင်္ကေတဖြစ်တယ် " ဟု ဦးမိုးဟိန်း က စံတော်ချိန်သို့ ပြောဆိုသည်။

ဦးတေဇဘက်က တရားစွဲမည်ဟု ကြေညာထားသော်လည်း ယခုအချိန်ထိ မည်သည့်တုံ့ပြန်မှု၊ တရားဝင် အကြောင်းကြားမှု မရှိသေးကြောင်း ဦးမိုးဟိန်းက ဆက်လက်ပြောသည်။
နန္ဒ
စံတော်ချိန် နေ့စဉ်သတင်းစာ